လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, August 3, 2013

အပြောင်းအရွှေ့ကာလ တစ်စိတ်တစ်ပိုင်းနဲ့ ထိပ်သီးငါးဦးကို သုံးသပ်ခြင်း

Photo: အပြောင်းအရွှေ့ကာလ တစ်စိတ်တစ်ပိုင်းနဲ့ ထိပ်သီးငါးဦးကို သုံးသပ်ခြင်း
Friday, Augest 02, 2013

ကမ္ဘာ့ဘောလုံးအပြောင်းအရွှေ့ရာသီတိုင်းမှာ ထိပ်တန်းကစားသမားတချို့ရဲ့ အပြောင်းအရွှေ့သတင်း တွေဟာ ပရိသတ်တွေအတွက် စိတ်လှုပ်ရှားရင်ခုန်စရာသတင်းတွေ ဖြစ်မြဲပါ။

တကယ်ပြောင်းရွှေ့ကြပြီဆိုရင်လည်း ဒီကစားသမားသစ်အနေနဲ့ အသင်းသစ်မှာ အထိုင်ကျပြီး အဆင် ပြေမလားဆိုတာ နောက်ဆက် တွဲစောင့်ကြည့်စရာလည်းဖြစ်ပါတယ်။ ကိုယ်အခြေကျနေပြီး အသင်း တစ်သင်းကနေ အခြားအသင်းတစ်သင်းကို ပြောင်းရွှေ့တယ်ဆိုတာ ကစားသမားအတွက်လည်း စိန်ခေါ်မှု တစ်ခုဖြစ်သလို နေရာသစ်၊ ပတ်ဝန်းကျင်သစ်၊ ကစားဖော်သစ်တွေနဲ့ အတူတွဲဖက်ကစားကြ ရမယ့်ခရီးမှာ အဆင်မပြေဘဲ တိမ်မြုပ်သွားကြတဲ့သမိုင်းတွေလည်းရှိတာ မို့ နေ ရာပြောင်းကြတဲ့ ကစား သမားသစ်တွေအတွက် နေရာမှန် ဖြစ်လာမ လားဆိုတာ အချိန်ကပဲ အဖြေပေးမှာပါ။ ဒီနှစ်ရာသီမှာ ထိပ် တန်းအပြောင်းအရွှေ့တွေလို့ဆိုရမယ့် ကစားသမားငါးဦးအကြောင်း ပြော ကြည့်ချင်ပါတယ်။

ကက်တလန်ဒေသရောက် ဆမ်ဘာတေးသွားပိုင်ရှင်

သူ့ရဲ့ကစားဟန်က လှပတယ်။ ညက်ညာတယ်။ သွက်လက်တယ်။ အသက်အရွယ်နဲ့မလိုက် ထူးချွန် တယ်လို့ အားလုံးက သတ်မှတ်ထားကြသလို အချိန်တိုတိုအတွင်း နာမည်ကျော် ကစားသမားဖြစ်လာ ခဲ့တယ်။ သူ့နာမည်က အားလုံးသိတဲ့ နေမာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကမှ အသက် ၂၁ နှစ်ထဲကို ချဉ်း နင်းဝင်ရောက်ခဲ့တဲ့ နေမာဟာ လှည့်ဖြားမှုများလှတဲ့ ဥရောပဘောလုံးဇာတ်ခုံကို တိုးဝင်ဖို့ ကာလအတန် ကြာကတည်းက အခွင့်အရေးရခဲ့သူပါ။ ဒါပေမဲ့ ဥရောပမြေမှာ ခြေချဖူးမှ ကမ္ဘာ့ဘောလုံးလောကမှာ အကောင်းဆုံးဖြစ်မယ်လို့ သတ်မှတ်ကြတဲ့ထုံးစံကို သူမလွန်ဆန်နိုင်တဲ့အဆုံးမှာတော့ ကက်တလန် ဒေသရဲ့ ဘုရင်ဖြစ်တဲ့ ဘာစီလိုနာကို ရောက်လာခဲ့ပါတယ်။ သူ့ကိုခေါ်ယူဖို့ ဥရောပထိပ်သီးအသင်းတော် တော်များများက ကမ်းလှမ်းခဲ့ကြပေမယ့် သူကတော့ ဘာစီလိုနာကို ရွေးချယ်ခဲ့တာပါပဲ။

သူ့ရဲ့နောင်တော်ကြီးတွေဖြစ်တဲ့ ရိုမာရီယို၊ ရီဗယ်လ်ဒို၊ ရော်နယ်ဒင်ဟို၊ ရော်နယ်ဒိုတို့ဟာ ဘာစီလိုနာမှာ နာမည်တစ်ခုကို ရေးထိုးပြီး အောင်မြင်ခဲ့ကြတာက သူ့အတွက် စပိန်မြေကို ရွေးချယ်ခဲ့တဲ့အကြောင်း တစ်ခုဖြစ် နိုင်ပါတယ်။ ဒါ့အပြင် စွယ်စုံရကမ္ဘာ့အကောင်းဆုံးကစားသမား မက်ဆီနဲ့ တွဲဖက်ကစားရမယ့် အခွင့်အရေးဟာ နေမာအတွက် အကောင်းဆုံး အခြေအနေတစ်ခုဖြစ်ပြီး သူ့ရဲ့ကြိုးစားမှု၊ လျင်မြန်သွက် လက်မှုတွေနဲ့သာ ပေါင်းဖက်ကစားနိုင်ခဲ့မယ်ဆိုရင်တော့ ကက်တလန်ဒေသဟာ သူ့အတွက် မှားယွင်း တဲ့ရွေးချယ်မှုတစ်ခုတော့ ဖြစ်လာစရာမရှိပါဘူး။ ဆန်းတို့စ်နဲ့ ဘရာဇီးမှာ အိမ်ရှေ့မင်းသားတစ်ပါးလို ထင်ပေါ်ခဲ့တဲ့ နေမာအတွက် ကက်တလန်ဒေသကို ရွေးချယ်ခဲ့တာဟာ မှန်ကန်မှုလားဆိုတာ အချိန် တစ်ခုက အဖြေပေးမှာပါ။ 

အမည် - နေမာ (အသက် ၂၁ နှစ်)
ကစားသည့်နေရာ - တောင်ပံ၊ တိုက်စစ်
ပြောင်းရွှေ့ကြေး - ယူရို ၅၇ သန်း

ပဲရစ်မြို့ကို သိမ်းပိုက်ဖို့ကြိုးစားရမယ့် ကာဗာနီ

မနှစ်က စီးရီးအေရဲ့ နည်းပါးတဲ့ ဂိုးသွင်းနှုန်းမှာ အတိုင်းအတာတစ်ခုထိ ရပ်တည်နိုင်ခဲ့ပြီး ဂိုးသွင်းဘုရင် ဆုကို ထိုက်ထိုက်တန်တန်ရယူခဲ့တဲ့ ဒီကစားသမားဟာ ဥရောပအသင်းကြီးတွေဆီက စိတ်ဝင်စားမှုတွေ ကို သိမ်းကျုံးရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ အပြောင်းအရွှေ့ရာသီမှာတော့ ကာတာသူဌေးတွေရဲ့ ငွေကြေးနဲ့ပုံဖော်နေတဲ့ ပီအက်စ်ဂျီကို ရွေးချယ်ခဲ့သူပါ။ ပြင်သစ်လီဂူး-၁ သမိုင်းတစ်လျှောက် စံချိန်တင် အမြင့်ဆုံးပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ကာဗာနီဟာ ပီအက်စ်ဂျီမှာ မနှစ်ကလို ဂိုးတွေ တဒိုင်း ဒိုင်းသွင်းယူနိုင်ဖို့ဆိုတာ နည်းနည်းတော့ခက်ခဲမှာပါ။ ဒါ့အပြင် အီဗရာ ဟီမိုဗစ်ခ်ျ၊ လာဗက်ဇီတို့လို ပြိုင်ဖက်ကောင်းတွေရှိနေတာကလည်း ကာဗာနီအတွက် ပိုမိုခက်ခဲစေမှာဖြစ်ပြီး မနှစ်ကလို ဂိုးသွင်း တာဝန်ကို တစ်ဦးတည်းမူပိုင်ယူထားဖို့ မဖြစ်နိုင်စေတော့ပါဘူး။

ငွေကြေးကြောင့်ပဲဖြစ်ဖြစ်၊ ပီအက်စ် ဂျီရဲ့အနာဂတ်ရည်မှန်းချက်ကို ကြိုက်လို့ပဲဖြစ်ဖြစ် နေပယ်လ်မြို့ကို စွန့်ခွာလာသူ ကာဗာနီအတွက် တော့ ပဲရစ်မြို့မှာ ပန်းခင်းလမ်းတစ်ခုထက် ကိုယ်တိုင်ထွင်းဖောက်ရမယ့်လမ်းတစ်ခုကိုပဲ တွေ့ရမှာပါ။

နာမည် - အက်ဒီဆင်ကာဗာနီ (အသက် ၂၆ နှစ်)
ကစားသည့်နေရာ - တိုက်စစ်မှူး
ပြောင်းရွှေ့ကြေး - ယူရို ၆၃ သန်း

အိုးလေဒီရဲ့ ကျောနံပါတ် (၁၀) စိန်ခေါ်မှုကို ရွေးချယ်ခဲ့သူ

တူရင်မြို့က ဂျူဗင်တပ်စ် (သို့) အိုးလေဒီတို့ရဲ့ ကျောနံပါတ် (၁၀)ဆိုတာ အစဉ်အလာ သေးသေးမွှား မွှားမှ မဟုတ်တာ။ ဒီဂျာစီကို ၀တ်ဆင်တဲ့သူအတွက်တော့ စိန်ခေါ်မှုက ကြီးကြီးမားမားရှိနေဆဲပါပဲ။ ဒဲလ်ပီယာရို ထွက်ခွာသွားပြီးနောက်မှာ အနားရခဲ့တဲ့ ဂျူဗင်တပ်စ်ရဲ့ နံပါတ် (၁၀) အင်္ကျီအတွက် ပိုင် ရှင်သစ် တစ်ဦးကတော့ တူရင်မြို့ဆီရောက်ရှိလာခဲ့ပါ ပြီ။ ကျွန်တော်တို့ရဲ့ မန်ချက်စတာဇာတ်လိုက် ကျော်ကြီး တီဗက်ဇ်ကို ဂျူဗင်တပ်စ်က ယုံယုံကြည်ကြည်ခေါ်ယူခဲ့ပါတယ်။ မန်ချက်စတာ မြို့ခံမန်ယူနဲ့ မန်စီးတီး နှစ်သင်းစလုံးမှာ ကစားခဲ့တဲ့ ဒီအာဂျင်တီးနားသားတိုက်စစ်မှူးဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ တိုက်စစ်မှူးကောင်းတွေထဲက တစ်ဦးဆိုတာ သံသယရှိစရာမလိုပါဘူး။ 

စီးရီးအေချန်ပီယံဆုကို နှစ်နှစ် ဆက်သိမ်းပိုက်နိုင်ခဲ့တဲ့ ဂျူဗင်တပ်စ်တို့ဟာ အဓိကအားနည်းချက်ဖြစ်တဲ့ တိုက်စစ်နေရာကို အားဖြည့်ဖို့ တီဗက်ဇ်ကို ခေါ်ယူခဲ့တာပါ။ အသက်အရွယ်အရ ၂၉ နှစ်ကျော်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် တီဗက်ဇ်ရဲ့ ကစားအားက အကျကြီးမဟုတ်သေးပါဘူး။ တွန်းတိုက်ပြီး ပြေးပြေးလွှားလွှားကစားတတ်တဲ့ပုံစံနဲ့ ပရီး မီးယားလိဂ်မှာ ပုံရိပ်တစ်ခုချန်ထားရစ်ခဲ့နိုင်တဲ့ တီဗက်ဇ်အတွက် စီးရီးအေမြေဟာလည်း အောင်မြေတစ် ခုဖြစ်လာနိုင်ပါတယ်။ ကွန်တီ အဓိကလိုအပ်နေတဲ့ ဂိုးသွင်းကောင်းတဲ့တိုက်စစ်မှူးနေရာဟာ တီဗက်ဇ် အတွက် ဖြစ်လာနိုင်ပြီး ဒီ့အတွက် ပြိုင်ဘက်ကလည်း များများစားစားရှိမနေတာဟာ တီဗက်ဇ်ရဲ့ ကံ တရား ဖြစ်လာနိုင်ပါတယ်။

အမည် - ကားလို့စ်တီဗက်ဇ် (အသက် ၂၉ နှစ်)
ကစားသည့်နေရာ - တိုက်စစ်မှူး
ပြောင်းရွှေ့ကြေး - ယူရို ၁၁ သန်း

မန်ချက်စတာမှာ မိုးပြာရောင်အိပ်မက်,မက်မယ့်သူ

ယူအေအီးစော်ဘွားတွေပိုင်ဆိုင်ပြီးတဲ့နောက် မန်ချက်စတာမြို့တစ်ဖက်ခြမ်းက မန်စီးတီးဆီကို ဘော လုံးအကျော်အမော်တွေ တရွေ့ရွေ့စီးဆင်းလာခဲ့ကြတယ်။ အခုလည်း အိပ်မက်တွေနဲ့ လူငယ်တစ်ဦး မန်ချက်စတာဆီကို ရောက်လာခဲ့ပြန်ပါပြီ။ မနှစ်က ဖီအိုရင်တီးနားဆိုတဲ့ စီးရီးအေအသင်းတစ်သင်းကို ယူရိုပါလိဂ်ပြိုင်ပွဲ ၀င်ပြိုင်ခွင့်ရအောင် ထမ်းတင်ပေးခဲ့တဲ့ မွန်တီနီဂရိုးနိုင်ငံသား တိုက်စစ်ကစားသမား စတီဗင်ဂျိုဗီတစ်ပါ။ ငါးနှစ်တာကစားခဲ့တဲ့ ဖီအိုရင်တီးနားမှာ ငယ်ရွယ်တဲ့အသက်အရွယ်နဲ့ အခရာကျ တဲ့နေရာတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီးနောက် အင်္ဂလန်ကို ပြောင်းရွှေ့ဖို့ သူဆုံးဖြတ်ခဲ့ပါတယ်။ 

တိုက်စစ်နေရာ မှာ အဓိက ကစားပြီး နောက်ချန်တိုက်စစ်မှူးအဖြစ်လည်း ကစားနိုင်စွမ်းရှိတဲ့ ဂျိုဗီတစ်ဟာ လိုအပ်ရင် ဂိုးသွင်းယူနိုင်စွမ်းရှိသလို အကွက်မြင်နေရာယူတတ်မှု၊ နည်းစနစ်ပိုင်းပြည့်စုံတဲ့ကစားသမားတစ်ဦး လည်းဖြစ်တာကြောင့် ပယ်လီဂရီနီ စိတ်ကြိုက်ကစားသမားလည်း ဖြစ်လာနိုင်ပါတယ်။ ၂၃ နှစ်ဆိုတဲ့ အသက်အပိုင်းအခြားဟာ နည်းပြတစ်ဦးအတွက် လိုရာပုံသွင်းနိုင်ဆဲအရွယ်ဖြစ်သလို ကြိုးစားတိုးတက် မှုမှာလည်း မြန်ဆန်တဲ့ အရွယ်ဖြစ်တာကြောင့် ဂျိုဗီတစ်ဟာ မန်စီးတီးမှာတော့ အခရာမဖြစ်ရင်တောင် မရှိမဖြစ် နေရာတစ်ခုကို ပိုင်ဆိုင်လာနိုင်ပါတယ်။

အမည် - စတီဗင်ဂျိုဗီတစ် (အသက် ၂၃ နှစ်)
ကစားသည့်နေရာ - ရှေ့တန်း
ပြောင်းရွှေ့ကြေး - ၂၅ သန်း

ဆရာဟောင်းနောက်က ကပ်ပါလာတဲ့ အယ်လ်ကန်တာရာ

ဂွါဒီယိုလာကြောင့် ဘိုင်ယန်မြူးနစ်ကို ရွေးချယ်ခဲ့တာပါလို့ ၀န်ခံခဲ့တဲ့ အယ်လ်ကန်တာရာဆိုတဲ့ ချာတိတ် လေးရဲ့စကားကို ကြားခဲ့ရသူတိုင်း ဘယ်သူမှတော့ အံ့သြခဲ့ကြမယ် မထင်ပါဘူး။ ဘာစီလိုနာမှာ ပွဲထွက် ခွင့်နေရာ တစ်ခုကို ယုံကြည်စွာနေရာပေးခံရခြင်းမရှိတဲ့ နောက်မှာ ဒီစပိန်ကစားသမားလေးဟာ ကက် တလန်ဒေသကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘိုင်ယန်မြူးနစ်မှာ အယ်လ်ကန်တာရာ တစ်ယောက် ထွန်းပေါက်ဖို့ဆိုတာ ခက်ခဲတဲ့ အိပ်မက်တစ်ခုပါပဲ။ သူဟာ အားကြိုးမာန်တက်ကစားတတ်သလို နည်း စနစ်ပိုင်းအရလည်း အတော်အသင့်ကောင်းမွန်တာကြောင့် ဘိုင်ယန်မြူးနစ်မှာ နေရာတစ်ခုတော့ ရပါလိမ့်မယ်။ ဒါပေမဲ့ ဆရာဟောင်းရှိရာကို လိုက်ပါခဲ့ သူလူငယ်တစ်ယောက်အတွက်တော့ အလိုင်း ယန့်အရီနာမှာ ကြီးကျယ်လွန်းတဲ့နေရာတစ်ခုထက် အတန်အသင့်ပြည့်စုံတဲ့နေရာတစ်ခုနဲ့ ဆိုလုံ လောက်နေပါပြီ။ 

အမည် - သီယာဂိုအယ်လ်ကန်တာရာ (အသက် ၂၂နှစ်)
ကစားသည့်နေရာ - ကွင်းလယ်
ပြောင်းရွှေ့ကြေး - ၂၃ သန်း

အောင်သုတ
မဇ္ဈိမ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..