၂၀၀၀ ပြည့်နှစ် ဇူလိုင် ၃ ရက်က တိုကျိုအရှေ့ပိုင်း ချီဘာစီရင်စုရှိ ၀ါဒါဆိပ်ကမ်းတွင် ငါးဖမ်းသမားများက ဝေလငါးတစ်ကောင်၏ ခန္ဓာကိုယ်ကို ခွဲဖြတ်နေစဉ် (Photo:AFP)
ကုလသမဂ္ဂ၏ နိုင်ငံတကာတရားရုံး (ICJ) က အန္တာတိတ်ဒေသတွင် လုပ်ဆောင်နေသည့် ဂျပန်၏ နှစ်စဉ်ဝေလငါးဖမ်းမှုကို အဆုံးသတ်ရန် မတ် ၃၁ ရက်တွင် အမိန့်ထုတ်ပြန်လိုက်သည်။ ဂျပန်၏ ဝေလငါးဖမ်းလုပ်ငန်းသည် သိပ္ပံပညာအတွက်ဟုဆိုကာ ရုပ်ဖျက်ထားသည့် စီးပွားရေးလုပ်ငန်းဖြစ်ကြောင်း ICJ က သမိုင်းဝင်မှတ်ချက်ပေးခဲ့သည်။
သည်ဟိတ်မြို့အခြေစိုက် ICJ ၏ ဆုံးဖြတ်ချက်ကို ဂျပန်က ပယ်ချခဲ့ပြီး မကြာမီမှာပင် ယင်းဆုံးဖြတ်ချက်ကို လေးစားရမည်ဟု ပြန်လည်ပြောဆိုခဲ့သည်။ သို့သော် ဝေလငါးဖမ်း အစီအစဉ်များနှင့် ပတ်သက်၍ အနာဂတ်ဖြစ်နိုင်ခြေများကို ဆုံးဖြတ်ပြောကြားခြင်း မရှိခဲ့ပေ။
“ဂျပန်အနေနဲ့ JARPA II (သုတေသနအစီအစဉ်) နဲ့ပတ်သက်တဲ့ တည်ဆဲဥပဒေ၊ ခွင့်ပြုချက်၊ ဒါမှမဟုတ် ထုတ်ပေးထားတဲ့ လိုင်စင်တွေကို ရုပ်သိမ်းပြီး နောက်ထပ်ခွင့်ပြုချက်တွေ ထုတ်ပေးတာကိုလည်း ရှောင်ကြဉ်ရပါမယ်” ဟု ICJ တရားသူကြီး ပီတာတွမ်ကာက အမိန့်ထုတ်ပြန်ခဲ့သည်။
ဂျပန်သည် စီးပွားဖြစ် ဝေလငါးဖမ်းမှုကို ပိတ်ပင်ပြီး သိပ္ပံပညာ အချက်အလက်များ စုဆောင်းရန်အတွက်သာ ခွင့်ပြုသည့် ၁၉၈၆ ဥပဒေကို လက်တစ်လုံးခြား လုပ်နေသည်ဟု စွပ်စွဲခံထားရသည်။
ဂျပန်က သူ၏ JARPA II သုတေသန အစီအစဉ်သည် ဝေလငါးဖမ်းခြင်းနှင့်ပတ်သက်၍ ရှင်သန်နိုင်စွမ်းကို လေ့လာရန်သာ ရည်ရွယ်ကြောင်း အခိုင်အမာ ပြောကြားထားသည်။ သို့သော် ICJ က ဂျပန်သည် ဝေလငါးများကို မသတ်ဘဲ သုတေသနလုပ်ရန် ပျက်ကွက်ခဲ့ကြောင်းနှင့် အနည်းဆုံးအနေဖြင့် ဝေလငါးအသေအပျောက် ပို၍နည်းအောင်ပင် လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။
၂၀၁၀ ပြည့်နှစ်က ဂျပန်ကို ပြစ်တင်ဝေဖန်ခဲ့သည့် သြစတြေးလျကို ထောက်ခံလျက် ICJ တရားသူကြီး တွမ်ကာက ဂျပန်က ထုတ်ပေးခဲ့သည့် အထူးခွင့်ပြုချက်များသည် သိပ္ပံပညာအလို့ငှာ ဝေလငါးဖမ်းခြင်း မဟုတ်ကြောင်း မှတ်ချက်ပေးခဲ့သည်။
သူက “ဂျပန်ရဲ့ အစီအစဉ်ဟာ သိပ္ပံပညာဆိုင်ရာ ရည်ရွယ်ချက်တွေနဲ့ ပတ်သက်ပြီး ချမှတ်ဆောင်ရွက်တယ်လို့ ခိုင်လုံတဲ့ သက်သေအထောက်အထား မတွေ့ရပါဘူး” ဟု ပြောကြားခဲ့သည်။ JARPA II အစီအစဉ်ကို ၂၀၀၅ ခုနှစ်တွင် စတင်ခဲ့ပြီးနောက် ဝေလငါးပေါင်း ၃၆၀၀ ခန့် သတ်ဖြတ်ခံခဲ့ရသည်။
Ref:AFP

No comments:
Post a Comment