ရန်ကုန်မြို့၊ လှည်တန်းလမ်းဆုံ အနီးရှိ ဦးထွန်းလင်း
ခြံလမ်းတွင် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ငါးခုမှ ကျောင်းသား(၂ဝ)ကျော်က
ပြည်သူ့လွှတ်တော်တွင် အတည်ပြုထားသည့် အမျိုးသားပညာရေး ဥပဒေကြမ်းကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။“အရင်တုန်းက လက်တွဲခဲ့တာက ယုံကြည်ရမယ်ထင်လို့ လက်တွဲခဲ့တာ၊
အခုချိန်မှာတော့ အစိုးရကော လွှတ်တော်ကိုပါ ဘယ်လိုမှ ယုံကြည်လို့မရ တော့တဲ့
အခြေအနေရောက်လာခဲ့လို့ ဒီနေရာမှာ လာရောက်ဆန္ဒထုတ်ဖော် တာပါ”ဟု
ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဌ ကိုဇေယျာလွင်က
ပြောသည်။
ကျောင်းသားများသည် အမျိုးသားပညာရေးကောင်စီ အလိုမရှိ၊ ပညာရေး လွတ်လပ်ခွင့် ရရှိရေး၊ ဗဟိုချုပ်ကိုင်မှု ကင်းမဲ့ရေး၊ အမျိုးသားပညာရေးဥပဒေ ကန့်ကွက်ကြ၊ ကျောင်းသားသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့် ရရှိရေး၊ NNER နှင့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး စသည့်အချက်များကို ကြွေးကြော်တောင်း ဆိုခဲ့ကြသည်။
အဆိုပါ ဥပဒေကြမ်းသည် နိုင်ငံတော်သမ္မတရုံးက ဦးဆောင်သည့် လက်တွေ့ ကျသော ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီ(EPCI)က ရေးသားပြီး ပြီးခဲ့သည့် မတ် ၁၃ရက်တွင် လွှတ်တော်သို့တင်သွင်းခဲ့သည့် ပညာရေးဥပဒေမူကြမ်းဖြစ်သည်။
အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ ပညာရေးစနစ် ပြုပြင်ပြောင်းလဲ ရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER)ကလည်း အမျိုးသားပညာရေး ကောင်စီ/ ကော်မတီနှင့်တကွ ဗဟိုချုပ်ကိုင်မှုကိုကျင့်သုံးသည့် အဆိုပါ ပညာရေးဥပဒေ ကိုဆန့်ကျင်ကန့်ကွက်ကြောင်း မတ်လ ၂၇ ရက်က ကြေညာ ချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

No comments:
Post a Comment