ဘောလုံးလောကတွင် အပြင်းထန်ဆုံး အားပြိုင်မှုတစ်ခုအဖြစ် သတ်မှတ်ခံရလေ့ရှိသည့် မက်ဒရစ် ဒါဘီသည် အစဉ်အလာအတိုင်း ပွဲကြမ်း၊ ပွဲကောင်း ဖြစ်ခဲ့သော်လည်း ဒိုင်လူကြီး၏ အားနည်းချက်များကြောင့် ရသပျက်ခဲ့ရသည်။
အိမ်ရှင် အက်သလက်တီကို မက်ဒရစ်အသင်းသည် ဒီယေဂိုကော်စတာ၊ အာဒါတူရန်၊ ရောလ်ဂါစီယာ၊ ကိုကီ၊ မာရီယိုဆွာရက်ဇ်၊ ဂါဘီဖာနန်ဒက်ဇ်၊ ဖိလစ်ပီ၊ ဒီယေဂို ဂိုဒင်၊ မီဒန်ဒါ၊ ဟွမ်ဖရန်တို့ဖြင့် ပွဲထွက်လာခဲ့သည်။ ရီးယဲလ်မက်ဒရစ်ကမူ ခရစ္စတီယာနိုရော်နယ်လ်ဒို၊ ကာရင်မ်ဘန်ဇီးမား၊ ဂါရတ်သ်ဘေးလ်၊ အိန်ဂျယ်လ်ဒီမာရီယာ၊ ရှာဘီအလွန်ဆို၊ လူကာမိုဒရစ်၊ ဖေဘီယို ကွန်ထရာအို၊ ဆာဂျီယိုရာမို့စ်၊ ပီပီ၊ အယ်လ်ဗာရို အာဘီလိုအာတို့ဖြင့် ခင်းကျင်းလာခဲ့သည်။
ပွဲအစ (၃)မိနစ် ကတည်းက ရီးယဲလ်အသင်း ဂိုးစတင်ရရှိသွားသည်။ ထောင့်ကန်ဘောကို အပေးအယူလုပ်ပြီး ညာခြမ်းမှတစ်ဆင့် ဒီမာရီယာ ခုပ်တင်ပေးလိုက်သော ဘောလုံးကို ဘန်ဇီးမားက
လူကျွံထောင်ချောက်မှ ဖောက်ထွက်သွားပြီး အနီးကပ် ပိတ်သွင်းခဲ့ခြင်း ဖြစ်သည်။ (၁၃)မိနစ်တွင် အက်သလက်တီကို တိုက်စစ်မှူး ကော်စတာ ဧရိယာထဲ ထိုးဖောက်လာသည်ကို ရီးယဲလ်နောက်ခံလူ ရာမို့စ်က ကြမ်းတမ်းစွာ တားဆီးဖျက်ထုတ်ခဲ့သော်လည်း ဒိုင်လူကြီး ကားလို့စ် ဖာရာရိုက ပင်နယ်တီပေးရန် ငြင်းဆိုခဲ့သည်။ ယင်းကို အက်သလက်တီကို ကစားသမားများ ပြင်းထန်စွာ စောဒကတက်သဖြင့် တူရန် အဝါကတ် ထိခဲ့သေးသည်။ (၂၈)မိနစ်တွင် ရီးယဲလ် နောက်ခံလူများကို ဘီးကုပ်စက်ဝိုင်း ထိပ်နားတွင် တူရန်က တစ်ကိုယ်တော် လှည့်ပတ်ကျော်ဖြတ်ပြီး ညာယွန်းယွန်းရှိ ကိုကီထံ ထိုးပေးရာ ၎င်းက ညာခြေဖြင့် ထောင့်ဖြတ် အနိမ့်ကန်သွင်းရာ ဘောလုံးက ဝေ့ဝိုက်ပြီး ဂိုးသမား ဒီယေဂိုလိုပက်ဇ်၏ ညာဘက်မှ ဂိုးဝင်သွားသဖြင့် ရီးယဲလ်တို့ ချေပဂိုး ပြန်ပေးလိုက်ရသည်။ ပထမပိုင်း ပြီးခါနီးတွင် ကိုကီက ပြစ်ဒဏ်ဘောကို အသာလှိမ့်ပေးရာ ဂါဘီက ဂိုးပေါက်နှင့် ကိုက်(၃၀)မျှ အကွာမှ လှလှပပ ကန်သွင်းပြီး အက်သလက်တီကိုတို့ ပွဲကိုဦးဆောင်ခဲ့သည်။
ဒုတိယပိုင်းတွင် အက်သလက်တီကိုအတွက် နစ်နာစရာ အခြေအနေ ပိုမိုများပြားလာခဲ့သည်ကို တွေ့ရသည်။ (၆၁)မိနစ်တွင် ကော်စတာ ဧရိယာထဲ ချိုးဝင်လာသည်ကို ပီပီက ခပ်ကြမ်းကြမ်း တားဆီးသော်လည်း ဒိုင်လူကြီး ဖာရာရိုက ပင်နယ်တီပေးရန် ငြင်းဆန်ခဲ့ပြန်သည်။ (၆၂)မိနစ်တွင် မိုဒရစ် ခုပ်တင်ပေးသော ဘောလုံးကို ဘန်ဇီးမား ဧရိယာထဲမှ Volley ဆွဲကန်သော်လည်း ဂိုးပေါက်လွဲချော်သွားခဲ့သည်။ (၆၄)မိနစ်တွင် ကော်စတာပင် အာဘီလိုအာကို ကျော်ပြေးလာရာ အာဘီလိုအာ လဲကျသွားပြီး ၎င်းကိုပါ ဆွဲလှဲသကဲ့သို့ ဖြစ်သွားသော်လည်း ဒိုင်လူကြီးက ကော်စတာ ဒိုင်ဗင်ထိုးသည်ဟုဆိုကာ ကစားသမားကို အဝါကတ်ပြား ပြသ၍ သတိပေးခဲ့သည်။ တတိယအကြိမ်မြောက် ပင်နယ်တီ ရနိုင်ခွင့် ဆုံးရှုံးခဲ့သည့်အပြင် ကစားသမားပါ အဝါကတ်ပြခြင်း ခံရသည့်နောက် အက်သလက်တီကို လက်ထောက်နည်းပြ မူနိုဘားဂို့စ်က အလွန်ဒေါသထွက်ကာ ဒိုင်ကို ကိုယ်ထိလက်ရောက် ရန်ပြုရန် ကြိုးစားသဖြင့် အုတ်အော်သောင်းနင်း ဖြစ်ခဲ့သေးသည်။ (၈၃)မိနစ်တွင်မူ ရီးယဲလ်တို့ ဒုတိယ ချေပဂိုး ရရှိခဲ့သည်။ အက်သလက်တီကို နောက်တန်းအမှားမှတစ်ဆင့် ညာခြမ်းမှ ဘေးလ်ဘောလုံးရလာပြီး ဧရိယာထဲ ချိုးပေးရာ ရော်နယ်လ်ဒိုက ဂိုးသမား သီဘောက် ကော်တွိုက်စ်၏ ညာဘက်ထောင့်ထဲ ချိုးကန်သွင်းယူသွားခြင်း ဖြစ်သည်။ ယခုပွဲတွင် နှစ်သင်းလုံး အားကြိုးမာန်တက်ဖြင့် ခပ်ကြမ်းကြမ်း ကစားသွားခဲ့သော်လည်း အဆုံးသတ်တွင်မူ အနိုင်ရလဒ် ထွက်ပေါ်လာအောင် မစွမ်းဆောင်နိုင်ခဲ့ကြဘဲ (၂-၂)ဖြင့်သာ ပွဲပြီးသွားခဲ့သည်။
Soccer Myanmar
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment