ရာသီကုန်လျှင် မန်ချက်စတာ ယူနိုက်တက် အသင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း အသင်းခေါင်းဆောင် နီမန်ယာဗီဒစ်က အတည်ပြု ကြေညာလိုက်သည်။
အသင်းက သက်တမ်းတိုး စာချုပ်ရန် ချဉ်းကပ်ခဲ့သော်လည်း ဆာဘီးယား ဗဟိုနောက်ခံ ကစားသမားက ပယ်ချလိုက်ပြီး အိုးလ်ထရက်ဖို့ဒ်ကို ကျောခိုင်းရန် ရွေးချယ်ခဲ့သည်။ မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန် လက်ထက်က စပါးတပ် မော်စကို အသင်းထံမှ ပေါင်စတာလင် (၇)သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး ခေတ်တစ်ခေတ်ကို ထူထောင်ခဲ့သော ခံစစ်မှူးသည် ယူနိုက်တက်နှင့်အတူ ဆုဖလား (၁၅)လုံးထိ ရရှိထားခဲ့သည်။ ၎င်းသည် ဖာဂူဆန် လက်ထက်တွင်ပင် ယူနိုက်တက်၏ အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်တာဝန်ပေးခြင်း ခံခဲ့ရသည်။
အသက်(၃၂)နှစ်ရှိ ဗီဒစ်က ကလပ်အသင်း တရားဝင် ဝက်ဘ်ဆိုက်မှတစ်ဆင့် မိမိထွက်ခွာမည့် သတင်းကို ပရိသတ်များထံ အသိပေးခဲ့သည်။ "ကျွန်တော့်စာချုပ် နောက်ဆုံးနှစ်ပိုင်းကို ရောက်ရှိနေပါပြီ။ အသင်းနဲ့အတူ အံ့ဩစရာ (၈)နှစ်တာ ကာလကို ကျွန်တော် ဖြတ်သန်းခဲ့ပါတယ်။ ခမ်းနားကြီးကျယ်တဲ့ ကလပ်အသင်းတစ်ခုမှာ ဖြတ်သန်းခဲ့တဲ့ အချိန်တွေကို ကျွန်တော့် ကစားသမား ဘဝရဲ့ အကောင်းဆုံး အခိုက်အတန့်တွေအဖြစ် အမှတ်ရနေမှာပါ။ ကျွန်တော့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် နောက်ထပ် စိန်ခေါ်ကြည့်ချင်ပါတယ်။ လာမယ့်နှစ်တွေမှာ အကောင်းဆုံး ပုံစံမျိုး ပြန်ရအောင် အားထုတ်ကြည့်ချင်ပါသေးတယ်"ဟု ဗီဒစ်က ဆိုသည်။
၎င်းက "ကျွန်တော် အင်္ဂလန်မှာတော့ ဆက်မနေတော့ပါဘူး။ ယူနိုက်တက် မဟုတ်တဲ့ တခြားအသင်းတစ်ခုမှာ ကစားဖို့ ကျွန်တော် အင်္ဂလန်မှာ ရှိမနေချင်ဘူး။ ဒီအသင်းမှာ နှစ်တွေ အများကြီး ကစားခွင့် ရခဲ့တာ ကျွန်တော် သိပ်ကို ကံကောင်းပါတယ်။ လောလောဆယ် ကျွန်တော့်မှာ ရွေးစရာတချို့ ရှိနေပါတယ်။ ကျွန်တော့် မိသားစုနဲ့ ကျွန်တော့်အတွက် အသင့်တော်ဆုံး တစ်ခုကို ဆုံးဖြတ်မှာပါ။ ခုချိန်မှာတော့ ယူနိုက်တက်အတွက် အာရုံအပြည့် စူးစိုက်ကစားဖို့ပဲ ကျွန်တော် စဉ်းစားနေပါတယ်။ ရာသီကုန်ထိ အသင်းကို အစွမ်းရှိသလောက် ပေးဆပ်သွားချင်ပါတယ်။ ခုကြေညာချက်ကြောင့် ကျွန်တော့်အနာဂတ်ကို အမျိုးမျိုး ထင်ကြေးပေးနေတာတွေ ရပ်တန့်သွားမယ်လို့ မျှော်လင့်ပါတယ်"ဟုလည်း ဖွင့်ဟထားသည်။ လတ်တလောတွင် ဗီဒစ်သည် အင်တာမီလန် အသင်းနှင့် ဆက်သွယ် ဆွေးနွေးနေကြောင်း သတင်းများ ထွက်ပေါ်နေပြီး မိုနာကိုကလည်း ၎င်းကို စိတ်ဝင်စားနေကြောင်း သိရှိရသည်။
Soccer Myanmar

No comments:
Post a Comment