လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, January 10, 2014

HIV ကို ပျောက်ကင်းသွားအောင် ကုသပေးနိုင်ဖို့ မျှော်လင့်ချက်တွေပေးမယ့် သုတေသန ရလဒ်သစ် တစ်ခုပေါ်ပြီ

Photo: HIV ကို ပျောက်ကင်းသွားအောင် ကုသပေးနိုင်ဖို့ မျှော်လင့်ချက်တွေပေးမယ့် သုတေသန ရလဒ်သစ် တစ်ခုပေါ်ပြီ

သုတေသီတွေက Radioimmunotherapy (RIT) လို့ခေါ်တဲ့ နည်းပညာကို သုံးပြီး ဆေးသောက်ပြီး လူနာများရဲ့ သွေးထဲမှာရှိနေတဲ့ HIV ပိုး ကူးစက်ခံ ထားရတဲ့ ဆဲလ်တွေကို ဖျက်ဆီးလိုက်ခြင်းဖြင့် HIV ကူးစက် ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ဖို့ မျှော်လင့်ချက် လမ်းစရှိတဲ့ မဟာဗျူဟာ တစ်ခု ဖြည့်ဆည်းပေးလိုက်ပြန်ပါပြီ။ ဒီသုတေသန ရလာဒ်တွေကို မြောက် အမေရိက ဓာတ်ရောင်ခြည် အသင်းကြီး (Radio logi cal Society of North America - RSNA) ရဲ့ နှစ်ပတ်လည် ညီလာခံမှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။ Highly Active AntiRetroviral Therapy (HAART) လို့ခေါ်တဲ့ စွမ်းအားမြင့် ဆေးတွေ ပေါင်းစပ်ကုသနည်းက ခန္ဓာကိုယ်ထဲမှာ HIV ပိုး မပွားများ နိုင်အောင် နှိမ်နင်းထားနိုင်ပြီး ပိုးကူးစက် ခံထားရသူတွေအတွက် မျှော်လင့် ချက် အမြင်ကို ပြောင်းလဲစေခဲ့တာပါ။ HAART ရဲ့အောင်မြင်မှုပာာ HIV ပိုးကောင်ရေကို ထိရောက်စွာ လျှော့ချနိုင်ပေမယ့် ပိုးကူးစက် ခံထားရတဲ့ ဆဲလ်တွေ စုဝေးကျန်ရှိ ပုန်းအောင်းနေနိုင်သေးတာဟာ ပိုးအရှင်း ပျောက်ကင်းနိုင်ခြေကို ဟန့်တားနေတယ်လို့ ပညာရှင်တွေက ယုံကြည် ကြပါတယ်။

"HAART ကိုသောက်နေတဲ့ လူနာက ပိုးပွားများတာကို နှိမ်နင်းနိုင်ပါတယ်။ ဆိုလိုတာက လူနာရဲ့ သွေးကြောထဲမှာ ပိုးကောင်ရေကို တော်တော်ကြီးကို နည်းသွားအောင် လျှော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် HAART က ပိုးကူးစက် ခံထားရတဲ့ ဆဲလ်တွေကို မသတ် နိုင်ပါဘူး။ HIV ပိုးကူးစက် ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ဖို့ နည်းလမ်းတွေမှာ ပိုးကူးစက် ခံထားရတဲ့ ဆဲလ်တွေကို သတ်နိုင်တဲ့ နည်းလမ်းတွေ ပါကိုပါရမှာပါ" လို့ ဒီလေ့လာမှုကို ဦးဆောင်ခဲ့တဲ့ New York ပြည်နယ် Bronx မြို့ Albert Einstein College of Medicine မှ ဓာတ်ရောင်ခြည်၊ အဏုဇီဝနဲ့ ခုခံစွမ်းအား ဗေဒဌာနမှ ပါမောက္ခ Ekaterina Dadachova ကပြောကြား သွားပါတယ်။ Dr. Dadachova နဲ့အဖွဲ့က သူမရဲ့ လေ့လာမှုမှာ Einstein-Montefiore Center for AIDS Research မှ HAART သောက်သုံးနေတဲ့ HIV လူနာ ၁၅ ယောက်ရဲ့ သွေးနမူနာတွေကို RIT ကုထုံးနဲ့ တွေ့ထိပေးလိုက်ကြတာ ဖြစ်ပါတယ်။

RIT က ခေတ်အဆက်ဆက်က ကင်ဆာရောဂါ ကုထုံးတစ်ခု ဖြစ်ခဲ့ပြီး monoclonal antibody တွေကို အသုံးပြု ရတာ ဖြစ်ပါတယ်။ Mono clonal antibody ဆိုတာကတော့ သက်ဆိုင်ရာ antigen တွေကို သီးသန့် ရှာဖွေ တိုက်ဖျက်ပေးတဲ့ ခုခံအား စနစ်က ဆဲလ်တွေ (clonal imm une cells) ကနေ ထုတ်ပေးတဲ့ ပဋိပစ္စည်း (antibodies) တွေပဲ ဖြစ်ပါတယ်။ Antigen တွေဆိုတာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေလို (မိမိ ခန္ဓာကိုယ်က ပုံမှန် ဆဲလ်တွေ မဟုတ်တဲ့) တခြား အရာဝတ္ထုတွေ ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို လှုံ့ဆွပေး နိုင်တဲ့ ပစ္စည်းတွေပါ။ သက်ဆိုင်ရာ ဆဲလ်ကိုပဲ သွားပေါင်းနိုင်အောင် ဒီဇိုင်း လုပ်ထားတဲ့ ပဋိပစ္စည်း တွေကို ဓာတ်ရောင်ခြည် ထွက်တဲ့ radioactive isotope တွေနဲ့ တွဲစပ် ပေးလိုက်ပါတယ်။ လူနာရဲ့ သွေးကြော ထဲကို ထိုးသွင်းလိုက် တဲ့အခါမှာတော့ ဓာတ်ခွဲခန်းထဲမှာ ထုတ်လုပ်ထားတဲ့ antibody တွေက သက်ဆိုင်ရာ ဆဲလ် (target cell) ဆီကို အရောက်သွားပြီး ဓာတ်ရောင်ခြည် သင့်စေတာ ဖြစ်ပါတယ်။ "RIT ကုထုံးမှာ ပဋိပစ္စည်း တွေက ပိုးကူး စက် ခံထားရတဲ့ ဆဲလ်တွေကို သွားပေါင်းပြီး ဓာတ်ရောင်ခြည်နဲ့ သတ်ပစ် လိုက်တာ ဖြစ်တယ်။ HAART နဲ့ RIT ကို အတူတူ တွဲသုံးလိုက် တဲ့အခါ HAARTက ဗိုင်းရပ်စ်ပိုးကို သတ်နိုင်ပြီး RIT က ပိုးရှိတဲ့ ဆဲလ်ကို သေစေတာပါ။" လို့ Dr. Dadachova က ဆိုပါတယ်။

ဒီလေ့လာမှုအတွက် Dr. Dadachova နဲ့ အဖွဲ့က ပိုးကူးစက် ခံထားရတဲ့ ဆဲလ်တွေရဲ့ မျက်နှာပြင်ပေါ်က protein တစ်ခုကို သွားပေါင်း နိုင်တဲ့ mAb2556 လို့နာမည် ပေးထားတဲ့ monoclonal antibody ကိုဒီဇိုင်းဖော် ထုတ်လုပ် ခဲ့ကြပြီး ရောင်ခြည် လွှတ်နိုင်တဲ့ Bismuth-213 နဲ့ တွဲစပ် ပေးထားတာ ဖြစ်ပါတယ်။ RIT နဲ့ကုသ ခံထား ရဖူးသူ တွေရဲ့ ခန္ဓာကိုယ်ထဲက ခုခံအား ဆဲလ်တစ်မျိုး ဖြစ်ပြီး HIV ပိုးရှိနေတဲ့ lymphocyte တွေကို သေစေ နိုင်တာကို တွေ့ရှိ ခဲ့ကြပြီး သွေးနမူနာ တွေထဲမှာ ပိုးကောင်ရေကို ရှာမတွေ့နိုင်လောက်တဲ့ အထိကို လျှော့ချ ပေးနိုင်တာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။ "HIV ပိုးကူးစက် ခံထားရတဲ့ ဆဲလ်တွေကို RIT ကုထုံးနဲ့ ဖယ်ရှင်းနိုင်တဲ့ စွမ်းပကားဟာ တော်တော် သိသာပြီး တိ ကျ သေချာပါတယ်။ ရောင်ခြည် လွှတ်ပေးတဲ့ radionuclide ကလည်း ပိုးရှိတဲ့ ဆဲလ်တွေကိုပဲ ရောင်ခြည် သင့်စေပြီး အနီးနားက ဆဲလ် တွေကို မထိခိုက် စေပါဘူး။" လို့ Dr. Dadachova က ပြောသွား ပါသေးတယ်။

ဒီသုတေ သနရဲ့ အရေးကြီးတဲ့ အပိုင်း တစ်ခုကတော့ ရောင်ခြည် လွှတ်နိုင်တဲ့ ပဋိပစ္စည်းတွေ ဦးနှောက်နဲ့ ဗဟို အာရုံကြော စနစ်မှာရှိတဲ့ HIV ပိုးကူးစက် ခံထားရတဲ့ ဆဲလ်တွေဆီကို အရောက်သွားနိုင်တာပဲ ဖြစ်ပါတယ်။ (ဦးနှောက်နဲ့ သွေးကြောကြားမှာ တော်ရုံ ဓာတုပစ္စည်းတွေ မဝင်နိုင်စေဖို့ blood-brain barrier လို့ခေါ်တဲ့ အကာအရံ လွှာတစ်ခု ရှိပါတယ်။) ဓာတ်ခွဲခန်းမှာ အတု ပြုလုပ်ထားတဲ့ အဲဒီ အကာအရံ ပုံစံ ငယ်နဲ့ စမ်းသပ်ရာ မှာတော့ ရောင်ခြည် လွှတ်နိုင်တဲ့ mAb2556 က ဒီအကာအရံကို ဖြတ်သွားနိုင်ပြီး HIV ပိုးရှိတဲ့ ဆဲလ်တွေကို သတ်နိုင်ပြီး အကာအရံကိုတော့ ဘာမှမထိခိုက်စေဘူး ဆိုတာကို ပြသနိုင်ခဲ့ကြပါတယ်။ "HIV ပိုးကို သတ်တဲ့ဆေးတွေက ဦးနှောက်နဲ့ သွေးကြော ကြားက အကာအရံကို အနည်းငယ်သာ ဖြတ်သွား နိုင်တာမို့ လူနာရဲ့ ခန္ဓာကိုယ် အနှံ့အပြားမှာ HIV ပိုး မရှိတော့ ရင်တောင်မှ virus ပိုးက ဦးနှောက်ထဲမှာ သောင်းကျန်းနေနိုင်ပြီး အသိဉာဏ် ချို့ယွင်းခြင်းနဲ့ စိတ်အား ယုတ်လျော့ခြင်းတို့ကို ဖြစ်စေနိုင်ပါသေးတယ်။ RIT ကုထုံးက ခန္ဓာကိုယ် အနှံ့အပြားမှာရော ဗဟိုအာရုံကြော စနစ်ထဲမှာပါ HIV ပိုးရှိတဲ့ ဆဲလ်တွေကို သေစေ နိုင်ပါတယ်။" လို့ Dr. Dadachova က ထပ်လောင်းပြောကြားသွားပါ တယ်။ Dr. Dadachova ရဲ့ အဆိုအရတော့ RIT ကုထုံး လေ့လာမှုရဲ့ နောက်တစ်ဆင့်ကတော့ HIV ပိုးရှိတဲ့ လူနာတွေကို စမ်းသပ်ကုသ ကြည့်ရမှာ ဖြစ်ပါတယ်။

Myanmar News Media

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..