ထူးအိမ်သင်သည်ကွယ်လွန်ပြီး ကိုးနှစ်ကျော်မှပထမဆုံးဂီတဆုကို ရရှိခဲ့သည်။ ယင်းဆုမှာ ရွှေ FM ၏ လေးနှစ်ပြည့်အခမ်းအနားမှ ချီးမြှင့်ခြင်းဖြစ်ပြီး ပရိသတ်စိတ်ကြိုက်တောင်းဆိုခံရသော မိဘဘွဲ့တေးအဆို ရှင်ဆုအဖြစ် ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ယင်းဆုရရှိသောတေးသီချင်းမှာ တေးရေးမြင့်မိုးအောင်ရေးသားသည့် “တုနှိုင်းမဲ့ရတနာ” သီချင်းဖြစ်ပြီး ထူးအိမ်သင် နောက်ဆုံးထွက်ရှိခဲ့သော တေးအယ်လ်ဘမ်တွင် ပါဝင်ခဲ့သည့်တေးသီချင်းဖြစ်သည်။
ယင်း တေးသီချင်းအတွက် ရရှိသည့်ဆုကိုထူးအိမ်သင်၏ သမီးဖြစ်သူမိကွန်ထောက
ဖခင်ကိုယ်စားနိုဝင်ဘာ ၃ ရက်က ရွှေထွဋ်တင်ကွင်းတွင်ကျင်းပသည့် အခမ်းအနားတွင်
တက်ရောက်ယူခဲ့သည်။
“တုနှိုင်းမဲ့ရတနာ” တေးသီချင်း၏
တေးရေးဖြစ်သူ မြင့်မိုးအောင်က “အဲဒီသီချင်းက
ကျွန်တော်တန်ဖိုး ထားရတဲ့
တေးသီချင်းတစ်ပုဒ်ပါ။ ဒါရိုက်တာမောင်မျိုးမင်းရဲ့ မိဘမေတ္တာဇာတ်ကားတစ်ကားမှာ
သုံးဖို့ ရေးပေးထားတာ။ ဒါပေမဲ့ အဲဒီသီချင်းကမသုံးဖြစ်လိုက်ဘူး။
အဲဒါနဲ့ ထူးအိမ်သင်(ကိုငှက်)က ဆိုဖြစ်သွား တယ်။ ကျွန်တော်ကလည်း
ကိုငှက်ကိုပဲဆိုစေချင်တာနဲ့ တိုက်ဆိုင်မှုတစ်ခု ဖြစ်သွားတာပေါ့။ ကိုငှက်က
သူ့သမီးလေးကို ချစ်တယ်။ ဒါပေမဲ့ သီချင်းမရေးဖြစ်ဘူး။ ဒီသီချင်းလေးနဲ့ပဲ
ပုံဖော်ဖြစ်သွားတယ်။ မေတ္တာ တရားပြည့်ဝတဲ့သီချင်းတစ်ပုဒ်ဖြစ်သလို ထူးအိမ်သင်နဲ့ သမီးလေးမိကွန်ထောအတွက်လည်း အလေး အနက်သီချင်းလေးတစ်ပုဒ်ဖြစ်ခဲ့တယ်။ FM တွေမှာ သားသမီးရှိတဲ့သူတွေက တောင်းကြတာကြားရ တော့ ၀မ်းသာမိပါတယ်”ဟု ပြောသည်။
၎င်းရွှေ FM လေးနှစ်ပြည့်အထိမ်းအမှတ်ဂီတဖျော်ဖြေပွဲနှင့်
Shwe FM 4th Achievement Award 2013 ဆုပေးပွဲအခမ်းအနားတွင် Shwe FM
ရွှေဒေသမှ စိတ်ကြိုက်တောင်းဆိုခံရသော မိဘဘွဲ့တေး တေးသံ ရှင်ဆု၊ Shwe FM
အကျော်ကြားဆုံး ကိုယ်ပိုင်သံစဉ်တေးပြုစာဆိုဆု၊ Shwe FM တစ်နှစ်တာအကောင်း
ဆုံးတေးအယ်လ်ဘမ်ဆု၊ Shwe FM ရုပ်ရှင် နှင့် ဗီဒီယိုသရုပ်ဆောင်
တေးစီးရီးအအောင်မြင်ဆုံးအနုပညာ ဘက်စုံထူးချွန်ဆု၊ Shwe FM ရွှေလေလှိုင်းရဲ့
ပဲ့တင်သံအကောင်းဆုံးသ၀ဏ်လွှာဆုရှင်၊ Shwe FM ပရိသတ်တောင်းဆိုမှု အများဆုံးအမျိုးသမီးတေးသံရှင်ဆု၊
Shwe FM ပရိသတ်တောင်းဆိုမှုအများဆုံး အမျိုးသားတေးသံရှင်ဆု၊ Shwe FM
ရွှေပရိသတ်အကြိုက်ဆုံး Hip Hop Album ဆု၊ Shwe FM Fashion Award
ဖက်ရှင်ဆုတို့ကို ချီးမြှင့်ခဲ့သည်။
အဆိုတော်ထူးအိမ်သင်
ကိုယ်စားဆုတက်ရောက်ယူခဲ့သော သမီးဖြစ်သူမိကွန်ထောသည် ၂၀၁၂ ခုနှစ်
ကတက္ကသိုလ်ဝင်တန်းစာမေးပွဲကို ငါးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူဖြစ်သည်။
ယင်းဆုရရှိခြင်း အတွက်မိကွန်ထောသည် သူမ၏ဖေ့စ်ဘွတ်မှတစ်ဆင့် “ဖေ့ကိုယ်စား
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့် (Proud to b daddy's girl!)” ဟု ရေးသားခဲ့သည်။
အဆိုတော်ထူးအိမ်သင်သည် ၂၀၀၄ ခုနှစ် သြဂုတ် ၁၄ ရက်တွင် ကွယ်လွန်ခဲ့ပြီး
အမေတေးသီချင်းများ စွာကို ရေးသားခဲ့သူ တေးရေး၊ တေးဆိုတစ်ဦးဖြစ်သည်။
Mizzima - News in Burmese
No comments:
Post a Comment