တရုတ်နိုင်ငံမှာ အရွယ်ရောက် သားသမီးတွေအနေနဲ့ သက်ကြီးရွယ်အိုမိဘတွေဆီကို ပုံမှန်အလည်အပတ်သွားဖို့ ဥပဒေထုတ်ပြန်လိုက်ပြီး လိုက်နာမှု မရှိရင် ဒဏ်ငွေ ဒါမှမဟုတ် ထောင်ဒဏ်ကျခံရမယ်လို့ သိရပါတယ်။
သက်ကြီးရွယ်အိုများ အခွင့်အရေးဆိုင်ရာ ဥပဒေအရ အရွယ်ရောက် သားသမီးတွေအနေနဲ့ သက်ကြီးရွယ်အို မိဘတွေကို စောင့်ရှောက်ပြီး သူတို့ရဲ့ ဝိညာဉ် ရေးရာ တွေ မှာ ထောက်ပံ့ ကူညီမှုတွေ လုပ်ဖို့နဲ့ သက်ကြီး ရွယ်အို မိဘတွေကို မကျောခိုင်းဖို့ ပါရှိပါတယ်။မိဘတွေနဲ့ ဝေးကွာနေတဲ့ သားသမီးတွေကလည်း မိဘတွေဆီ ပုံမှန် အလည်အပတ်ပြုလုပ်ရမယ်လို့ ဥပဒေမှာ ပါရှိပါတယ်။
တရုတ်နိုင်ငံမှာ သက်ကြီးရွယ်အိုတွေ အိမ်မှာပဲ ချန်ထားခံနေရပြီး တခါတရံ လူမသိ သူမသိ သေဆုံးတာတွေ ရှိခဲ့တဲ့အတွက် အရွယ်ရောက် သားသမီးတွေ မိဘတွေဆီကို အလည်အပတ်သွားဖို့ အစိုးရက ဥပဒေ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ ကလေးတစ်ယောက်သာ ယူရမယ်ဆိုတဲ့ ဥပဒေကြောင့် တစ်အိမ်ထောင်မှာ ကလေးတစ်ယောက်သာ ရှိကြပြီး အဲဒီကလေးတွေ အရွယ်ရောက်လာလို့ အိမ်ထောင်ပြုတဲ့အခါ အဲဒီဇနီးမောင်နှံနှစ်ယောက်က မိအိုဖအို ၄ ယောက်ကို ပြုစုရတဲ့အပြင် သူတို့မွေးထားတဲ့ ကလေးကိုပါ စောင့်ရှောက်နေရပြီး အလုပ်တွေပါ လုပ်နေရတဲ့အတွက် သားသမီးတွေမှာလည်း အခက်ကြုံတွေ့ နေရတယ်လို့ သိရပါတယ်။
ABC Radio

No comments:
Post a Comment