ပရဟိတအသင်းတွေ သုံးစွဲနေတဲ့ လိုင်စင်မဲ့ လူနာမဲ့လူနာတင်ယာဉ်နဲ့ နိဗ္ဗာန်ယာဉ်တွေကို အစိုးရက အာမခံချက်မပေးဘဲ ဥပဒေအတိုင်း ကားသိမ်းပြီး ဖမ်းဆီးမှုတွေလုပ်နိုင်တယ်ဆိုရင် ဦးကျော်သူက လူမှုရေးလုပ်ငန်းတွေ ဆက်မလုပ်တော့ဘူးလို့ ဆိုပါတယ်။ ဒါဆို အစိုးရက ပြည်သူအတွက် လူမှုရေးတာဝန် ဝင်ယူနိုင်ရဲ့လား။ပဲခူးတိုင်း ညောင်တုန်းမြို့က တော်ဝိမှာ လိုင်စင်မဲ့ကားသုံးတယ်ဆိုပြီး ကားကိုသိမ်းတဲ့အပြင် ပရဟိတအသင်းဝင် ၆ယောက်ကိုပါ အချုပ်နဲ့ဖမ်းဆီးခဲ့တာကြောင့် အစိုးရအနေနဲ့
ပရဟိတသမားတွေရဲ့ အလုပ်တွေကို ဝင်မလုပ်နိုင်ရင် လိုင်စင်မဲ့လူနာတင်ယာဉ်နဲ့ နိဗ္ဗာန်ယာဉ်ကိစ္စ တစ်ခုခု ဖြေရှင်းရမယ်လို့ ဦးကျော်သူက ဆိုပါတယ်။
နာရေးကူညီမှုအသင်း
(ရန်ကုန်)က အသုံးပြုနေတဲ့ ကားတွေအားလုံးဟာ လိုင်စင်နဲ့ တရားဝင်ဖြစ်ပေမယ့်
နယ်တွေက ဒေသခံပရဟိတလူမှုကူညီရေးအသင်းတွေမှာတော့ ငွေကြေးအခက်အခဲကြောင့်
ဈေးပေါတဲ့ လိုင်စင်မဲ့ကားတွေကို သုံးစွဲနေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လဆန်းက ပဲခူးတိုင်း ညောင်တုန်းမြို့နယ် တော်ဝိကျေးရွာမှာ ပုဂိုလ်ရေး မကျေနပ်ချက်ကြောင့် တိုင်တန်းမှုပေါ်လာပြီး ညောင်တုန်းရဲစခန်းက ကားနှစ်စီးကို သိမ်းခဲ့တာဖြစ်လို့ အလားတူဖြစ်မှာကို မြို့ခံ လူမှုကူညီရေးအသင်းတွေက စိုးရိမ်နေကြတယ်လို့ ဧပြီ ၃ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
မြန်မာပြည်အနှံ့ ပရဟိတအသင်းတွေရဲ့ ၉ဝ%ကျော်ဟာ လိုင်စင်မဲ့ကားတွေသုံးနေတာဖြစ်ပြီး ပဲခူးမြို့က အသင်းတိုင်းဟာလည်း လိုင်စင်မဲ့ယာဉ်တွေသုံးနေတာကြောင့် လူမှုရေးအသင်းတွေအတွက် သီးသန့်လိုင်စင်နဲ့ အခွန်ကင်းလွတ်ခွင့်ပေးသင့်တယ်လို့ ဆိုပါတယ်။
ပရဟိတ ဦးကိတ္တိကျောင်းမှာ ပဲခူးက ပရဟိတအသင်းတွေအားလုံး စုဝေးခဲ့ပြီး လိုင်စင်မဲ့ယာဉ်ပြဿနာကို အဖြေရှာခဲ့ကြပါတယ်။ ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့တွေ့ပြီး လိုင်စင်မဲ့ယာဉ်တွေအတွက် အာမခံချက်မရခဲ့ရင် အားလုံးကို အသိမ်းခံသွားမှာဖြစ်ပြီး လူမှုရေးလုပ်ငန်းတွေကို ရပ်ဆိုင်းသွားမယ်လို့ ဆရာတော် ဦးကိတ္တိက မိန့်ဆိုပါတယ်။

No comments:
Post a Comment