တပေါင်းလပြည့်ရက် နီးလာသည်နှင့်အမျှ မကွေးတိုင်း မင်းဘူးခရိုင်အတွင်းရှိ ရက်ပေါင်း ၇၀ ကျော်ကြာ ကျင်းပလျက်ရှိသည့်
ရွှေစက်တော်ပွဲတော်သို့ တဲကျောင်းများ ပြည့်လျှံသည်အထိ ဘုရားဖူးလာရောက်မှု
များပြားနေကြောင်း ပွဲတော်တွင်း လုပ်ငန်းရှင်များထံမှ သိရသည်။
ရွှေစက်တော်ပွဲတော်သို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ပြီးဆုံးချိန်၊ တပေါင်းလပြည့်ရက်ဝန်းကျင်နှင့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ဘုရားဖူးအများဆုံး လာရောက်လေ့ရှိကြောင်း ယခုနှစ် အခြေခံပညာအလယ်တန်းစာမေးပွဲများ ပြီးဆုံးချိန်မှစ၍ ဘုရားဖူးများ အဆက်မပြတ်လာရောက်ခဲ့ပြီး နေ့စဉ် တဲကျောင်းများပြည့်လျှံနေကြောင်း ပွဲတော်တွင်း ဈေးသည်များက ဆိုသည်။
“တပေါင်းလပြည့်ရက်ဝန်းကျင်ဆို ငဖဲတို့၊ စေတုတ္တရာတို့ မြို့နယ်တွေထဲက ကျေးရွာတွေကနေ ပေါင်းမိုးလှည်းတွေနဲ့ ရှေးရိုးရာအတိုင်း ဘုရားဖူးလာကြတဲ့ ဓလေ့ရှိတယ်။ အဲဒီရက်မှာ နီးစပ်ရာမြို့နယ်တွေကလည်း အများဆုံးလာကြလို့ အစည်ဆုံးအချိန်ဘဲ။အခုတော့ ကလေးတွေ စာမေးပွဲပြီးကတည်းက စည်နေတာ”ဟု ရွှေစက်တော်ပွဲတော်တွင်း မှ ဓာတ်ပုံဆရာ ကိုလင်းက ဆိုသည်။
ယခုနှစ် ရွှေစက်တော်ပွဲတော်ချိန်တွင် ပွဲတော်တွင်းလုပ်ငန်းများ လုပ်ကိုင်ခွင့်ချထားပေးမှုနှင့် ပတ်သက်၍ မီဒီယာများတွင် ဝေဖန်မှု အများအပြားပေါ်ထွက်ခဲ့ပြီး မတ်လဆန်းပိုင်းက ရွှေစက်တော်ဘုရားဂေါပကအဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းထားကြောင်း ပွဲတော် တွင်းလုပ်ငန်းရှင်များနှင့် ဂေါပကအဖွဲ့ဝင်များထံမှ သိရသည်။
(ရွှေစက်တော် ဘုရားဖူးလာသူများ မန်းချောင်းအတွင်း ရေကစားနေကြသည်ကို မတ် ၇ ရက်က တွေ့ရစဉ်)
Eleven Media Group

No comments:
Post a Comment