စစ်ကိုင်းတိုင်း ဒေသကြီး မြင်းမူမြို့နှင့် ၁၄ မိုင်ခန့် ဝေးသော ပဒတ္ထိုင်း စံပြ ကျေးရွာတွင် မူလက ရွေးချယ်ထားသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးကို အတည်ပြုနိုင်ခြင်း မရှိသဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရွေးချယ်ပွဲ ထပ်မံ ပြုလုပ်ရာ ကျေးရွာ ဒေသခံများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
ဋ္ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာ အုပ်ချုပ်ရေးမှူး လာရောက် ရွေးချယ်ပေးမှုကို ကန့်ကွက်ကြကြောင်း၊ ယင်းကန့်ကွက်မှုကို ရဲတပ်ဖွဲ့ဝင်များက ဟန့်တားရန် လုပ်ဆောင်ရာမှ ကျေးရွာ ဒေသခံများနှင့် ယင်းကဲ့သို့ ရုန်းရင်းဆန်ခတ်
ဖြစ်ပွားခြင်း ဖြစ်ကြောင်း အဆိုပါ ကျေးရွာ ဒေသခံများက ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရုံးထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ယင်းသို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခြင်း မရှိကြောင်း အဆိုပါရုံး တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြန်လည် ဖြေကြားသည်။
ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ် ရွေးချယ်ရန် ခရိုင်မြို့နယ် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် အင်အား ၇၀ ဦးခန့်သည် ယင်းကျေးရွာသို့ လာရောက်ကာ ရွေးချယ်ပွဲကို ကြီးကြပ်ပေးကြောင်း အဆိုပါ ဒေသခံများထံမှ သိရှိရသည်။
လက်ရှိတွင် ဆယ်အိမ်စုမှူး ကိုယ်စားလှယ်များသာ ရွေးကောက် တင်မြှောက်နိုင်ခဲ့ပြီး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ပျက်ပြယ်ခဲ့ကြောင်း ယင်းဒေသခံ ဦးသိန်းဝင်းက The Voice သို့ ပြောကြားသည်။
ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ကိစ္စနှင့် ပတ်သက်၍ စစ်ကိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေသို့ မေးမြန်းရာ ၎င်းက ယင်းသို့ ပြန်လည် ဖြေဆိုရန် ငြင်းဆိုသည်။
စစ်ကိုင်းတိုင်း ဒေသကြီး မြင်းမူမြို့နယ် ပဒတ္ထိုင်း စံပြကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ရာ ပြည်သူ အများစု၏ ဆန္ဒဖြင့် ဦးကျော်ဆွေသည် ဆယ်အိမ်စုမဲ ၄၇ မဲဖြင့် အနိုင်ရ ရွေးချယ် ခံခဲ့ရသော်လည်း မြို့နယ်အဆင့် တာဝန်ရှိသူများက ယနေ့တိုင် အတည်ပြု ပေးနိုင်ခြင်း မရှိခဲ့ကြောင်း ယင်းကာလက ရွေးကောက်ခံရသူ ဦးကျော်ဆွေက The Voice သို့ ပြောကြားသည်။
ရပ်မိရပ်ဖ ငါးဦးဖြင့် ကြီးကြပ် ရွေးချယ်ရမည် ဖြစ်သော်လည်း သုံးဦးကသာ လုပ်ငန်း ကြီးကြပ် ဆောင်ရွက်ခဲ့သဖြင့် မြို့နယ်က မိမိ အနိုင်ရရှိသည်ကို အတည်ပြု မပေးခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
“အများပြည်သူ ဆန္ဒနဲ့ ဦးကျော်ဆွေကို ရွေးချယ်ခဲ့တာပါ။ ပြည်သူ့ဆန္ဒ အတိုင်းသာ ဖြစ်သင့်ပါတယ်။ မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်တဲ့ အုပ်ချုပ်ရေးမှူးကိုပဲ အလိုရှိပါတယ်” ဟု ယင်းကာလက ကြီးကြပ် ရွေးချယ်ရေး အဖွဲ့တွင် ပါဝင်ခဲ့သူ ဦးသိန်းဝင်းက ဖြည့်စွက် ပြောကြားသည်။
ယင်းကျေးရွာတွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ကျေးရွာသူ၊ ကျေးရွာသား အများစုက လက်မခံခြင်းနှင့် ကန့်ကွက်မှုများကြောင့် အောင်မြင်မှု မရှိခဲ့ပေ။
အဆိုပါ ပဒတ္ထိုင်း စံပြကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲသည် ယခုအကြိမ်နှင့် ဆိုပါက ၁၀ ကြိမ် ရှိပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ယင်းကျေးရွာတွင် အိမ်ခြေ ၆၀၀ ကျော်၊ လူဦးရေ ၃၀၀၀ ခန့်၊ မူလတန်းကျောင်း နှစ်ကျောင်းနှင့် အလယ်တန်း ကျောင်းခွဲ တစ်ကျောင်းရှိသည်။
The Voice Weekly
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment