နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရန်လိုသည်။ ထိုသို့ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံတော်နှင့် စီးပွားရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာမှ ဘဏ်နှင့်ငွေကြေးရန်ပုံငွေအဖွဲ့များ၏ အကူအညီအထောက်အပံ့များ လိုအပ်သည်။ ယခုအခါ မြန်မာနိုင်ငံမှ အသေးစားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် မင်္ဂလာမြန်မာက ချေးငွေများ
ထုတ်ချေးတော့မည်ဖြစ်သည်။
"ပြည်တွင်းက အသေးစားစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့အတွက် အခုလို ငွေထုတ်ချေးမယ့် အစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီလိုအသေးစား စီးပွားရေးလုပ်ငန်းတွေအတွက် အခု ဖေဖော်ဝါရီလကစတင်ပြီး ငွေချေးလို့ရပါပြီ။ ဒီဖေဖော်ဝါရီလအတွက် ခန့်မှန်းခြေ လူ ၃၀ နဲ့ ၄၀ ခန့်ကို ချေးငွေထုတ်ပေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အခုလိုငွေချေးမယ့်ကာလရော ငွေချေးမယ့်လူဦးရေပါ ကန့်သတ်ထားမှုမရှိပါဘူး" ဟု မင်္ဂလာမြန်မာမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒေါ်သူဇာက ပြောသည်။
ယခု အသေးစားစီးပွားရေးလုပ်ငန်းများအတွက် ငွေထုတ်ချေးမည့် အစီအစဉ်သည် ယခင်က ငွေကျပ်သုံးသိန်း၊ ငါးသိန်း၊ ၁၀ သိန်းစသည်ဖြင့် ချေးယူပြီး စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ကာ ပြန်ဆပ်ပြီးသူများနှင့် လုပ်ငန်း တိုးချဲ့လုပ်ကိုင်သူများ ပါဝင်သည့်အပြင် ယခုမှအသေးစားစီးပွားရေး လုပ်ငန်းများ စတင်လုပ်ကိုင်မည့် လူသစ်များလည်း ပါဝင်မည်ဖြစ်သည်။
''အသေးစားစီးပွားရေးလုပ်ငန်းများအတွက် ငွေချေးလိုသူများဟာစီးပွားရေးကို တကယ်လုပ်သူဖြစ်ရပါမယ်။ အဲဒီစီးပွားရေးကိုလုပ်ကိုင်တဲ့ လုပ်ငန်းလိုင်စင်ရှိရမှာဖြစ်သလို မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ အိမ်ပိုင်ဆိုင်မှုစတဲ့ အထောက်အထားတွေတော့ ပြသရမှာဖြစ်ပါတယ်။ ဒါကလည်း မိတ္တူတွေပဲ ယူထားမှာဖြစ်ပြီး ထိန်းချုပ်ထားတဲ့ သဘောမပါပါဘူး။ အဲဒီလိုအချက်တွေ ပြည့်စုံရင်တော့ တစ်ဦးကို ကျပ်သိန်း၁၀၀ အထိ ချေးပေးသွားမှာ ဖြစ်ပါတယ်" ဟု ဒေါ်သူဇာက ဆက်လက်ပြောသည်။
ထိုသို့ချေးငွေများ ထုတ်ချေးခြင်းသည် အခြေခံပြည်သူများ၏ ဝင်ငွေတိုးတက်ရေး၊ လူမှုစီးပွားဘ၀ဖွံ့ဖြိုး တိုးတက်ရေးကို ရည်ရွယ်ပြီး ၂၀၁၁ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံတွင် ယခုအခါ အသေးစားစီးပွား ရေးလုပ်ငန်းလုပ်ကိုင်သူ အခြေခံ ပြည်သူဦးရေ ၆၀၀၀ ကျော်ကို တစ်ဦးလျှင် အများဆုံးငွေကျပ် ၁၀ သိန်းအထိ ထုတ်ချေးပေးလျက်ရှိရာ ယခုအချိန်အထိ ထုတ်ချေးငွေမှာ ကျပ်သိန်းပေါင်း ၂၀၀၀၀ ခန့်ရှိနေပြီဖြစ်သည်။
ယခုအခါ ဖေဖော် ဝါရီ ၁ ရက်မှစတင်ပြီး အသေးစား စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူတစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀ အထိ အာမခံ ပစ္စည်းပေးစရာမလိုဘဲ ထုတ်ချေးသွားရန် စီစဉ်နေခြင်းဖြစ်သည်။ ထို့ကြောင့်အသေးစား ချေးငွေများကိုရယူပြီး မိမိတို့၏ဝင်ငွေ တိုးတက်ရန်နှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ကိုင် နိုင်တော့မည် ဖြစ်သည်။
အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများတွင် အသေးစားစက်မှုလက်မှု လုပ်ငန်းများ၊ ထမင်းဆိုင် လုပ်ငန်းနှင့် အခြားအသေးစား စီးပွားရေးလုပ်ငန်းများပါဝင်ပြီး အမှန်တကယ် စီးပွားရေးလုပ်ငန်း လုပ်ကိုင် လိုသူများသည် ချေးငွေကို အလွန်သက်သာသောအတိုးနှုန်း ဖြစ်သည့် ၂ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးကာ စီးပွားရေးလုပ်ကိုင်နိုင် တော့မည်ဖြစ်သည်။
MOI Webportal Myanmar

No comments:
Post a Comment