ဇန်န၀ါရီ၂၇ရက်က ဖြစ်ပွားခဲ့သည့် လာရှိုးမြို့ တရားရုံးအရှေ့တွင်
ဖမ်းဆီးခေါ်ခံရသူ လွတ်ငြိမ်းအမှုသည် မျိုးသက်ပိုင်အား ငွေကျပ် သိန်း၅၅၀ပေးပါက
ပြန်လွှတ်ပေးမည်ဟု ဖမ်းဆီးသွားသူ
ကောင်းခါး ပြည်သူ့စစ်အဖွဲ့ဝင် ဦးအောင်မြင့်မှ ခြိမ်းခြောက်
ငွေတောင်းနေကြောင်း ယနေ့၃ရက်နေ့မွန်းလွှဲအချိန်၌ မျိုးသက်ပိုင်၏ ဇနီးထံမှ
ကြားသိရသည်။
“ဒီနေ့ရဲစခန်းက ကျွန်မဆီကိုဖုန်းဆက်လာတယ်။ ကျွန်မယောင်္ကျားအမှုစစ် ဒုရဲအုပ်သန်းရွှေပြောတာ ဖြစ်ပါတယ်။ ဦးအောင်မြင့်က ရဲစခန်းကို ဖုန်းဆက်တယ်တဲ့ ကျွန်မယောင်္ကျားက သူတို့ကို ၀န်ခံထားပြီးပြီလို့ ပြောတယ်တဲ့ ဦးအောင်မြင့်က ငွေကျပ်သိန်း၅၅၀ပေးရင် ပြန်လွှတ်ပေးမယ်လို့ ဒုရဲအုပ်သန်းရွှေက ဦးအောင်မြင့်စကားကို ပြန်ပြောပြထားပါတယ်။ ကျွန်မကမဟုတ်တာ မလုပ်ထားဘူး”ဟု အဖမ်းခံရသူမျိုးသက်ပိုင်၏ဇနီး မရန်ကျုလိုင်က ပြောသည်။
အဆိုပါ ဇန်န၀ါရီ၂၇ရက်ကဖြစ်စဉ်အရ ကောင်းခါးပြည်သူ့စစ် ဦးအောင်မြင့်ဆိုသူမှာ နယ်စပ်သို့ တရားမ၀င်နွားများကို ရောင်းနေသည့်လုပ်ငန်းရှင် တစ်ဦးဖြစ်ကြောင်း၊ ယင်းလုပ်ငန်းတွင်မျိုးသက်ပိုင်မှာ နွားစာရင်းကိုင်စာရေးအဖြစ် လုပ်နေရင်းလုပ်သက်တစ်လအကြာ နွားစာရင်းစာအုပ် ပျောက်သည်ဟုဆိုရာ ဦးအောင်မြင့်က ငွေသိန်းပေါင်းများစွာဆုံးရှုံးသွားသည့်အတွက် စာရင်းကိုင်မျိုးသက်ပိုင်အား ရဲစခန်းတွင်ငွေအလွှဲသုံးစားမှုပုဒ်မ၄၀၈ဖြင့် အမှုဖွင့်ထားခဲ့ပြီး လာရှိုးမြို့နယ် တရားရုံးတွင် ယခုနှစ်ဇန်န၀ါရီ၆ရက်မှစ၍ အမှုစစ်ဆေးနေခြင်းဖြစ်သည်။
ထို့အပြင်ယင်းအမှုအား တိုင်ကြားသူ ဦးအောင်မြင့်မှအမှုကျေအေး ရုတ်သိမ်းပေးခဲ့သောကြောင့် ၎င်းတရားရုံးက အဆိုပါအမှုကို ဇန်န၀ါရီ၂၇ရက်က ရုတ်သိမ်းပြီးမျိုးသက်ပိုင်အား အမှုလွှတ်ငြိမ်းပေးခဲ့သည်။ ၎င်းနေ့ညနေ၄း၃၀နာရီ အချိန်၌ အဆိုပါ တရားရုံးအရှေ့တွင် မျိုးသက်ပိုင်ကိုဦးအောင်ြ့မင့်ဦးဆောင်သည့် ကောင်းခါးပြည်သူ့စစ် လူတစ်စုက အသင့် စောင့်ဆိုင်းနေသည့် ကားပေါ်သို့ အလိုမတူပဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်ဖြစ်စဉ်မှယနေ့ထိ သက်ဆိုင်ရာ အာဏာပိုင်များက မဖေါ်ထုတ်နိုင်သေးသောကြောင့် ယခုလိုခြိမ်းခြောက် ခံနေခြင်းဖြစ်သည်ဟု အမှုဖြစ်စဉ်အရ သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ လားရှိုးမြို့နယ် ရဲမှုးမိုးဇော်လွင်က “လောလောဆယ် ကောင်းခါးမြို့မှာရှိတယ်လို့ သတင်း ရထားပါတယ်။ ဦးအောင်မြင့်ကိုလည်း ကျွန်တော်တို့အမှုဖွင့်ထားပြီးပါပြီ။ ကွတ်ခိုင်ရဲတပ်ဖွဲ့နဲ့ချိပ်ဆက်ပြီး စုံစမ်း ခိုင်းထားပါတယ်။ ကျွန်တော်ကိုယ်တိုင် မသွားနိုင်သေးတာကလည်း အလုပ်တွေများပြီး မအားသေးလို့ပါ။ သက်ဆိုင်ရာတွေနဲ့ ချိပ်ဆက်ပြီး လုပ်ပေးသွားမှာပါ”ဟု အဆိုပါရဲမှူးက ဆိုသည်။
အဆိုပါဦးအောင်မြင့် ဆိုသူသည် လားရှိုးမြို့နှင့် ကွတ်ခိုင်မြို့နယ် တ၀ိုက်တွင် လက်နက်အားကိုး၊ ပြည်သူ့စစ် အားကိုးဖြင့် တရားမ၀င် စီးပွားလုပ်ကိုင်နေသူ တစ်ဦးဖြစ်ကြောင်း၊ ယင်း၏ဥပဒေမဲ့လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများ အသက်အိုးအိမ် စိုးရိမ်နေရကြောင်း ၊အာဏာပိုင်များက ၎င်းအားထိရောက်စွာ အရေးယူဆောင်ရွက်သင့်ကြောင်း၊ နိုင်ငံတော်သမ္မတ၏ ပြည်သူ့လုံခြုံရေးနှင့် ပြည်သူ့ဗဟိုပြု အုပ်ချုပ်ရေးအဆိုအရ ယခုလိုဖြစ်ရပ်မျိုးကို ကြည့်ခြင်းအားဖြင့် အာဏာပိုင်များ၏ အကူအညီမှာ နှောက်နှေးနေ၍ ဥပဒေအပြင်ဘက်ကနေ ပြည်သူကို ဗဟိုပြုနေသလားဟု လားရှိုးမြို့ခံ နိုင်ငံရေး လေ့လာသူများနှင့် မြို့ခံနေလူများက ဝေဖန်သုံးသပ်ထားသည်ကိုလည်း သိရသည်။
ထွန်းထွန်း
မြန်မာ့ခေတ်

No comments:
Post a Comment