မြန်မာနိုင်ငံတွင် လွတ်လပ်ရေးသာ ရရှိထားသော်လည်း တိုင်းရင်းသား စည်းလုံးညီညွတ်မှု မရရှိသေးကြောင်းနှင့်
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် စိတ်ကူးယဉ်မဟုတ် လက်တွေ့ဖြစ်နိုင်သည့်
ကိစ္စရပ်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။“ကျွန်မတို့နိုင်ငံမှာ
တိုင်းရင်းသား လူမျိုးပေါင်းစုံ ရှိပါတယ်။ ဗမာဟာလည်း တိုင်းရင်းသားပါပဲ။
ကျွန်မတို့ကတော့ အများစုပေါ့။ တချို့က ဗမာကလွဲမှ တိုင်းရင်းသားလို့မြင်တယ်။
တကယ်တော့ ကျွန်မတို့အားလုံးဟာ တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။
ကျွန်မတို့နိုင်ငံ တိုးတက်ဖို့ဆိုရင် အားလုံးရဲ့စိတ်ထဲမှာ
ပေါင်းစည်းမှုရှိရမယ်။ တစ်ယောက်နဲ့တစ်ယောက် ခိုင်ခိုင်မာမာ သစ္စာမေတ္တာနဲ့
ပေါင်းစည်းချင်တဲ့ စိတ်ဓာတ်တွေ ရှိရမယ်။ ကျွန်မတို့ နိုင်ငံရေးလုပ်ခဲ့တဲ့
နှစ်ပေါင်း ၂၀၊ ၃၀ အတွင်းမှာ တကယ့်သွေးရင်းသားရင်း သွေးတော်တဲ့သူတွေမှ
မဟုတ်ဘူး။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဆိုရင် တိုင်းရင်းသား ပါတီများဟာ
အင်မတန်မှ တန်ဖိုးထားရတဲ့ မဟာမိတ်များ၊ အင်မတန်မှ သစ္စာရှိတဲ့
မိတ်ဆွေများအဖြစ်နဲ့ ရပ်တည်ခဲ့ပါတယ်။ ကျွန်မတို့အဖွဲ့ချုပ် အင်မတန်မှ
ခက်ခဲတဲ့အခြေအနေကို ဖြတ်သန်းနေရတဲ့ အခါမှာ ကျွန်မတို့ဘက်က မခွာသွားဘဲနဲ့
ရပ်တည်ခဲ့တာဟာ တိုင်းရင်းသား ပါတီတွေပါပဲ။ ဒါကြောင့် တိုင်းရင်းသား
စည်းလုံးညီညွတ်ရေး ကိစ္စဟာ တကယ်ဖြစ်နိုင်တဲ့ ကိစ္စပဲ။ စိတ်ကူးယဉ်တဲ့ကိစ္စ
မဟုတ်ဘူးဆိုတာကို လုံးဝယုံကြည်တယ်။ လွတ်လပ်ရေး ကာလတုန်းကဆိုရင် ဖေဖေဟာ
တိုင်းရင်းသားများနဲ့အတူ စည်းလုံးညီညွတ်မှုယူပြီးတော့ လွတ်လပ်ရေးရအောင်
ယူခဲ့ပါတယ်။ နောက် ဖေဖေဆုံးသွားပြီးတော့ ကျွန်မတို့မိသားစု အပေါ်မှာ
သစ္စာရှိရှိနဲ့၊ နွေးနွေးထွေးထွေးရှိတဲ့ တိုင်းရင်းသားတွေကို ယုံကြည်တယ်။
တန်ဖိုးထားတယ်။ မေတ္တာတရား၊ သစ္စာတရားတွေနဲ့ ကျွန်မတို့ရဲ့
ပြည်ထောင်စုကြီးကို ထူထောင်သွားရမယ်။ ဒီမိုကရေစီ ပြည်ထောင်စုကို
စပြီးထူထောင်ရမယ်။ ကျွန်မတို့ဟာ လွတ်လပ်ရေးသာ ရလာတယ်။ စစ်မှန်တဲ့
ဒီမိုကရေစီ နိုင်ငံကြီးကို ထူထောင်ဖို့ မစွမ်းဆောင်နိုင်ခဲ့သေးပါဘူး။
တကယ့်တိုင်းရင်းသား ညီညွတ်မှုဆိုတာကို ကျွန်မတို့ မရသေးပါဘူး။ ဒီဟာကို
ရအောင်လုပ်ရပါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
စစ်မှန်သည့် ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်ရန်အတွက် လူအများစုဖြစ်သော ဗမာတိုင်းရင်းသားများက ကျန်တိုင်းရင်းသားများကို ဗိုလ်ကျ၊ အနိုင်ကျင့်မှုများ မပြုလုပ်သင့်ကြောင်း၊ တိုင်းရင်းသားအချင်းချင်း နားလည်မှုရှိရှိ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။
ထို့အပြင် တစ်ဦးတစ်ယောက်ချင်းစီ၌ တာဝန်သိစိတ်၊ တာဝန်ယူတတ်သည့် စိတ်ဓာတ်ရှိရန် လိုအပ်ပြီး လူငယ်များကိုလည်း ထိုသို့စိတ်ဓာတ်များ ရှိစေရန် ပြုစုပျိုးထောင်ပေးရန်အတွက် ဆရာဆရာမများအား မေတ္တာရပ်ခံ ပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ချင်းပြည်နယ်စည်းရုံးရေး ခရီးစဉ်အတွင်း ဇန်န၀ါရီ ၇ ရက်က ချင်းပြည်နယ် တီးတိန်မြို့ ဇိုနွမ်းဇန်ကျေးရွာရှိ ဇိုနွမ်းဇန်မူလတန်းလွန် ကျောင်းဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားစဉ် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ မူလတန်းလွန်ကျောင်းအား ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကမှ ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ပြီး မူလက အမေ့အိမ် ပညာဒါနကျောင်းအဖြစ် လှူဒါန်းရန်အစီအစဉ်ကို ဝေးလံခေါင်သီ၍ တိုင်းရင်းသားဒေသများတွင် ဆောက်လုပ်ရန် ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်အရ ဖွံ့ဖြိုးမှုနှေးကွေးပြီး လိုအပ်ချက်ရှိသည့် ချင်းပြည်နယ်၌ ရွေးချယ်ဆောက်လုပ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။
“ကိုယ့်လက်ထဲရောက်လာတဲ့ လာဘ်လာဘကို သူတစ်ပါးလက်ထဲ လွှဲပြောင်းဖို့ဆိုတာ ကြီးကျယ်မြင့်မြတ်တဲ့ သူတော်ကောင်းစိတ်ဓာတ် ရှိတဲ့သူမှ လုပ်နိုင်မှာပါ။ အမေ့အိမ် ပညာဒါနကျောင်းအတွက် လှူတာပဲ။ အမေ့အိမ်ကျောင်းအတွက်ပဲ လုပ်မယ်လို့ စိတ်လုံးဝမထားဘဲနဲ့ အမှန်တကယ် လိုအပ်တဲ့နေရာ၊ ပိုပြီးအကျိုးများတဲ့ နေရာမှာ သူတစ်ပါးလက်ထဲကို လွှဲပြောင်းပေးလိုက်တာဟာ အင်မတန်မှ ကြီးကျယ်မြင့်မြတ်တဲ့ သူတော်ကောင်းစိတ်ထားပဲ ဖြစ်ပါတယ်။ ကိုယ့်လက်ထဲရောက်လာတဲ့ လာဘ်လာဘကို ကိုယ့်ထက်ပိုမို လုပ်ကိုင်နိုင်တဲ့သူရဲ့ လက်ထဲ လွှဲပြောင်းပေးနိုင်တာဟာ တကယ့်ခေါင်းဆောင်ကောင်းပဲ။ ဦးဇင်းတို့ နိုင်ငံမှာရှိကြတဲ့ ခေါင်းဆောင်တိုင်း၊ ခေါင်းဆောင်တိုင်းဟာ ကိုယ့်လက်ထဲရောက်လာတဲ့၊ သို့မဟုတ် ကိုယ့်လက်ထဲ ရောက်လာဖို့ အလားအလာရှိတဲ့ လာဘ်လာဘနဲ့ လုပ်ပိုင်ခွင့်မှန်သမျှကို ကိုယ့်ထက်ပိုပြီးတော့ စီမံခန့်ခွဲနိုင်တဲ့သူရဲ့ လက်ထဲကို ကျေကျေနပ်နပ်နဲ့ လွှဲပြောင်းပေးအပ်နိုင်တဲ့သူတွေ များပြားလာကြမယ်ဆိုရင် ဦးဇင်းတို့တိုင်းပြည်ဟာ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်မှာ သေချာပါတယ်။ ကိုယ့်လက်ထဲရောက်လာတဲ့ လာဘ်လာဘကို စွန့်လွှတ်နိုင်တဲ့ ဒကာမကြီးကိုလည်း ဦးဇင်းလေးစား ဂုဏ်ယူမိပါတယ်” ဟု ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကက မိန့်ကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၆ ရက်မှစ၍ ချင်းပြည်နယ်သို့ စည်းရုံးရေးခရီး သွားရောက်ခြင်းဖြစ်ပြီး ဇန်န၀ါရီ ၆ ရက်က ကလေးမြို့ခံများနှင့် တွေ့ဆုံကာ နှုတ်ဆက်စကား ပြောဆိုခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ချင်းပြည်နယ်သို့ ၂၀၀၃ ခုနှစ်က သွားရောက်ခဲ့ဖူးပြီး ၁၀ နှစ်အတွင်း ထပ်မံသွားရောက်ခြင်းဖြစ်ကာ ၂၀၁၄ ခုနှစ်အတွင်း ပထမဆုံး ပြည်တွင်းစည်းရုံးရေး ခရီးစဉ်ဖြစ်သည်။
Eleven Media Group
ဇန်န၀ါရီ ၇ ရက်က ချင်းပြည်နယ် တီးတိန်မြို့ ဇိုနွမ်းဇန်ကျေးရွာ မူလတန်းလွန်ကျောင်းဖွင့်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ-အောင်သူထွန်း)

No comments:
Post a Comment