နိုင်ငံခြားမှဝယ်ယူအသုံးပြုသည့် ဖုန်းဟန်းဆက်အချို့မှာ 4G Network
ဖြစ်နေခြင်းကြောင့် အင်တာနက်အသုံးပြုရာတွင် ငွေကြေးဖြတ်တောက်မှု များ
ရှိနေပြီး Setting ပြန်လည်ပြင်ဆင်၍ အသုံးပြုရန်လိုကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။
နိုင်ငံခြားမှ ဖုန်းဟန်းဆက်များ ၀ယ်ယူလာပြီး ပြည်တွင်း၌ ပြန်လည် အသုံးပြုသူများတွင် အချို့သော 4G စနစ် ဟန်းဆက်များမှာ အင်တာနက် အသုံးမပြုသော်လည်း ငွေဖြတ်တောက်နေမှုများရှိနေကြောင်း ကိုယ်တွေ့ကြုံရသူ အချို့ကပြောသည်။“အရင်ကသတိမထားမိဘူး။ တစ်သောင်းကတ်သုံးကတ်လောက်ကုန်မှ သတိထားမိတာ။ အင်တာနက်မဖွင့်ထားလည်း အမြဲပိုက်ဆံကဖြတ်နေတာ။ နောက်ဆုံးဖုန်းပိတ်ထားလည်း ဖြတ်နေတော့ တစ်သောင်းကတ်ဆိုရင် သုံးရက်လောက်ပဲသုံးရတယ်။ ဖုန်းလည်း အများကြီးမဆက်ထားဘူး။ ပြီးတော့ အင်တာနက်လည်းမဖွင့်ဘူး”ဟု ကိုရီးယားနိုင်ငံမှ Samsung Galaxy Grand ၀ယ်ယူသုံးစွဲသူ အမျိုးသမီးတစ်ဦးကပြောသည်။ လက်ရှိတွင် နိုင်ငံခြားမှဝယ်ယူအသုံးပြုနေသည့် ဟန်းဆက်အချို့တွင် ထိုကဲ့သို့ ငွေကြေးဖြတ်တောက်မှုများကြောင့် ဖြစ်ပေါ်သည့် Complain အများစုကို ဖြေရှင်းပေးနေရကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်း Complain ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“အဲဒီလိုဖြစ်တဲ့ဖုန်းတွေရဲ့အထဲက အင်တာနက် Setting ကို ဒီက၀ယ်တဲ့ ဖုန်းတွေသုံးတဲ့ပုံစံမဟုတ်ဘဲ တခြားပုံစံပြောင်းပြီးသုံးခိုင်းမှ ငွေဖြတ်တာ ပုံမှန်ပြန်ဖြစ်တယ်။ ဒါပေမဲ့ ဟန်းဆက်တစ်လုံးနဲ့တစ်လုံး ဖြစ်တဲ့ပုံစံ မတူ တာတွေလည်းရှိတယ်”ဟု ၎င်းကပြောသည်။
Setting ပြောင်းလဲအသုံးပြုရာတွင် လည်း အင်တာနက်အသုံးပြုသည့် အချိန်တိုင်းတွင် ပြောင်းလဲရခြင်းကြောင့် အသုံးပြုမှုနည်းသွားကြောင်း အထက်ပါအမျိုးသမီးကပြောသည်။ အချို့ဟန်းဆက်များတွင် ဗိုင်းရပ်စ်ကူးစက်ခြင်းများကြောင့် ငွေဖြတ်တောက်မှုများလည်းရှိကြောင်း စုံစမ်းသိရသည်။
ထိုသို့ ငွေဖြည့်ကတ်နှင့်ပတ်သက်၍ အခက်အခဲများရှိပါက GSM\WCDMA မိုဘိုင်းဖုန်းများအတွက် ဖုန်းနံပါတ် ၀၁-၅၅၅၄၇၆ နှင့် CDMA 450\ CDMA 800 WLL မိုဘိုင်းဖုန်းများအတွက် ဖုန်းနံပါတ် ၀၁-၂၁၇၂၁၉ နှင့် CDMA 800 (MEC Tel) ဖုန်းများအတွက် ဖုန်းနံပါတ် ၀၁-၆၅၆၉၉၄ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ထားသည်။
7Day News

No comments:
Post a Comment