အမေရိကန် ပြည်ထောင်စု အနေဖြင့် ဆီးရီးယား နိုင်ငံအား ကြားဝင် တိုက်ခိုက်မှု ပြုလုပ်ရန် ဆုံးဖြတ်ပါက ကျဆုံးခန်းနှင့်သာ ရင်ဆိုင်ရမည် ဖြစ်ကြောင်း ဆီးရီးယား သမ္မတ ဘာရှာအယ်လ်အာဆတ်က တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ပြောကြား လိုက်သည်။
အဆိုပါ မှတ်ချက်ပြုစကားကို သြဂုတ် ၂၆ ရက်တွင် ထုတ်ဝေသော ရုရှားသတင်းစာ တစ်စောင်ဖြစ်သည့် Izvestia သတင်းစာနှင့် မကြာသေးမီက ပြုလုပ်သော တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် အာဆတ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ အမေရိကန် နိုင်ငံသည် စစ်ပွဲ ပေါင်းများစွာကို ဆင်နွှဲခဲ့သော်လည်း ၎င်းအနေဖြင့် နိုင်ငံရေး ရည်မှန်းချက်ကို မည်သည့် အခါမှ မရရှိခဲ့ကြောင်း၊ ၎င်းတို့ဆင်နွှဲသော စစ်ပွဲများနှင့် ပတ်သက်သည့် မူဝါဒများနှင့် စိတ်ကူးများဖြင့် ဒေသတွင်းရှိ လူများအား စည်းရုံး သိမ်းသွင်းနိုင်ခြင်း မရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အင်အားကြီးနိုင်ငံ အနေဖြင့် စစ်ပွဲများကို ဆင်နွှဲနိုင်သည်မှာ မှန်ကန်ကြောင်း၊ သို့သော်လည်း အောင်ပွဲများ ရရှိခံစားနိုင်မှုရှိ၊ မရှိကို အာဆတ်က ပြန်လည် မေးခွန်း ထုတ်ခဲ့ကြောင်း သိရသည်။ အမေရိကန်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ အပေါ် စစ်ဆင်နွှဲမှုတွင် အောင်နိုင်မှု မရရှိခဲ့ကြောင်း၊ သို့သော်လည်း ထိုကဲ့သို့ စစ်ဆင်နွှဲမှုသည် ၎င်းတို့အတွက် မည်သည့် အကျိုးကျေးဇူးမျှ ရရှိခြင်း မရှိကြောင်းကို သင်ခန်းစာယူ လေ့လာမှု မရှိခဲ့ကြောင်း၊ ထိုကဲ့သို့ စစ်ဆင်နွှဲခြင်းကြောင့် အရှေ့ အလယ်ပိုင်း ဒေသနိုင်ငံများနှင့် အခြားနိုင်ငံများမှာ တည်ငြိမ် အေးချမ်းမှု ပျောက်ဆုံးပြီး နိုင်ငံကို ပျက်စီးခြင်းသို့သာ ရောက်ရှိစေကြောင်း အာဆတ်က ထပ်လောင်း ပြောကြားခဲ့သည်။
မကြာသေးမီက ဖြစ်ပွားခဲ့သော ဆီးရီးယားနိုင်ငံတွင် ဓာတုလက်နက်များ အသုံးပြုမှုကြောင့် အမေရိကန် အစိုးရအနေဖြင့် ဆီးရီးယား နိုင်ငံကို စစ်ရေးအရ ကြားဝင် တိုက်ခိုက်မှု ပြုလုပ်ရန် စဉ်းစားလျက်ရှိကြောင်း ထုတ်ပြန်ချက်များ ထွက်ပေါ်လာပြီး နောက်တွင် အာဆတ်၏ မှတ်ချက်ပြု ပြောစကား ထွက်ပေါ်လာခြင်း ဖြစ်သည်။
မြ၀တီ

No comments:
Post a Comment