မလေးရှား အမျိုးသားနေ့ အထိမ်းအမှတ် အဖြစ် ကျင်းပသည့် ၂၀၁၃ မာဒေးကား ဖလား
ဘောလုံးပြိုင်ပွဲကို မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်း ၀င်ရောက်
ယှဉ်ပြိုင်မည် ဖြစ်ရာ ပြိုင်ပွဲ
အဖွင့်ပွဲစဉ် အဖြစ် စက်တင်ဘာ ၇ ရက်နေ့တွင် မြန်မာ အသင်းသည် ထိုင်း
လက်ရွေးစင် အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကို
၂၇ ကြိမ်မြောက် ဆီးဂိမ်းစ် ပွဲကြိုပြင်ဆင်မှု အဖြစ် မလေးရှား ဘောလုံး
အဖွဲ့ချုပ်က ကျင်းပခြင်း ဖြစ်ပြီး ပြိုင်ပွဲဝင် အသင်း(၄)သင်း ဖြစ်သည့်
မလေးရှား၊ စင်ကာပူ၊ မြန်မာ နှင့် ထိုင်းတို့သည် ယူ-၂၃ အသင်းများဖြင့်
ဝင်ရောက် ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။
၂၀၁၃ ခုနှစ် မာဒေးကား ဖလား ပြိုင်ပွဲကို ၄ သင်းပတ်လည် ယှဉ်ပြိုင်ကစား ကြမည်ဖြစ်ပြီး ပထမနှင့် ဒုတိယ နေရာမှ အသင်းနှစ်သင်း နောက်ဆုံး ဗိုလ်လုပွဲကို ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ ပထမနေ့ နှင့် ဒုတိယနေ့ ပွဲစဉ်များ အားလုံးကို ပါဟန်းပြည်နယ် Kuantan မြို့ရှိ Darul Makmur Stadium တွင်ကျင်းပမည် ဖြစ်ပြီး တတိယနေ့ ပွဲစဉ်များကိုမူ Darul Makmur Stadium နှင့် Temerolh Stadium တို့တွင် တစ်ချိန်တည်း ကျင်းပသွားမည် ဖြစ်သည်။
ပြိုင်ပွဲအတွက် လက်မှတ်များကို အရှေ့ဘက်ခြမ်း ပွဲကြည့်စင်အတွက် ရင်းဂစ် ၃၈၊ ရင်းဂစ် ၄၈၊ ရင်းဂစ် ၄၈ သက်မှတ်ထားပြီး အထူးတန်း ပွဲကြည့်စင် အတွက် ရင်းဂစ် ၁၂၈ သက်မှတ် ထားကြောင်း သိရသည်။ အဆိုပါ လက်မှတ်များကို သြဂုတ် ၁၆ ရက်နေ့မှ စတင်ကာ သောကြာနေ့၊ စနေ၊ တနင်္ဂနွေ နေ့များတွင် Darul Makmur Stadium ၌ ၀ယ်ယူနိုင်မည် ဖြစ်သည်။ အလားတူ အွန်လိုင်းမှ ၀ယ်ယူလိုသူ များအနေဖြင့် www.ticketpro.com.my သို့လည်း ဆက်သွယ် ၀ယ်ယူနိုင် ကြောင်း သိရသည်။
မာဒေးကား ဖလား ပြိုင်ပွဲသို့ မြန်မာ့ လက်ရွေးစင် အသင်း ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာတွင် ချန်ပီယံ အဖြစ် (၃)ကြိမ် ဗိုလ်စွဲခဲ့ပြီး ဒုတိယဆု (၅)ကြိမ် ရရှိခဲ့သည်။ မြန်မာ့ လက်ရွေးစင် အသင်း နောက်ဆုံး ချန်ပီယံဖြစ်သည့် ပြိုင်ပွဲမှာ ၂၀၀၆ ခုနှစ် မာဒေးကား ဖလား ဖြစ်ပြီး ထိုစဉ်က နည်းပြ ဦးဆန်းဝင်းနှင့် ဦးကြည်လွင် ကိုင်တွယ်သည့် မြန်မာ အသင်းသည် နောက်ဆုံး ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားကို (၂-၁) ဂိုးဖြင့် အနိုင်ရကာ ချန်ပီယံ ဆု ရယူနိုင် ခဲ့သည်။ ယင်းနောက် ၂၀၀၇ မာဒေးကား ပြိုင်ပွဲတွင်မူ မြန်မာ အသင်းသည် ဒုတိယ ဆုဖြင့်သာ ကျေနပ် ခဲ့ရသည်။ ယင်းပြိုင်ပွဲ၏ အုပ်စု(က)တွင် မြန်မာ အသင်းသည် အာဖရိက အသင်း လီဆိုသို အသင်းကို စိုးမြတ်မင်း၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင် ရခဲ့ပြီးနောက် အိမ်ရှင် မလေးရှားကို (၂-၁)၊ လာအိုကို (၁-၀)တို့ဖြင့် ဆက်တိုက် အနိုင်ရရှိကာ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည်။ ဆီမီးအဆင့်တွင် အာဖရိက အသင်းတစ်သင်း ဖြစ်သည့် ဇင်ဘာဘွေ အသင်းကို (၃-၁)ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိကာ ဗိုလ်လုပွဲတွင် မလေးရှားကို (၁-၃)ဂိုးဖြင့် အရေးနိမ့်ခဲ့၍ ဒုတိယ ငွေတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။
၂၀၁၃ မာဒေးကား ဖလား ပွဲစဉ်များ
စက်တင်ဘာ (၇)ရက်နေ့
ညနေ(၅း၃၀) နာရီ၊ မလေးရှား - စင်ကာပူ (Darul Makmur Stadium)
ည(၈း၄၅)နာရီ၊ ထိုင်း - မြန်မာ (Darul Makmur Stadium)
စက်တင်ဘာ (၉) ရက်နေ့
ညနေ(၅း၃၀) နာရီ၊ ထိုင်း - စင်ကာပူ (Darul Makmur Stadium)
ည(၈း၄၅)နာရီ၊ မလေးရှား - မြန်မာ (Darul Makmur Stadium)
စက်တင်ဘာ (၁၁) ရက်နေ့
ည(၈း၄၅) နာရီ၊ မလေးရှား - ထိုင်း (Darul Makmur Stadium)
ည(၈း၄၅)နာရီ၊ စင်ကာပူ - မြန်မာ (Temerolh Stadium)
စက်တင်ဘာ (၁၄) ရက်နေ့
ညနေ(၅း၃၀) နာရီ၊ တတိယ နေရာလုပွဲ
ည(၈း၄၅)နာရီ၊ ဗိုလ်လုပွဲ

No comments:
Post a Comment