အောင်မင်္ဂလာ ယာဉ်ရပ်နားစခန်းအတွင်း၌ လူနှစ်ရာခန့်ရှိသော
လူမိုက်ဂိုဏ်းအဖွဲ့အစည်းများ မရှိမကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁
ရက်နေ့တွင် စခန်းတာဝန်ခံအရာရှိက ပြောကြားခဲ့သည်။
အောင်မင်္ဂလာ အဝေးပြေးအတွင်း၌ ဂိတ်ခန်းလူခေါ်ပွဲစားများနှင့်
တက္ကစီလူခေါ်ပွဲစားများသည် စခန်း၏ချမှတ်ထားသော စည်းကမ်းများကို ဖောက်ဖျက်၍
ခရီးသည်များအား အတင်းလုယက်ခေါ်ဆောင်ခြင်းကို တစ်ဦးချင်းသော်လည်းကောင်း၊
အဖွဲ့လိုက်သော်လည်းကောင်း ကျူးလွန်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။ ဒီဇင်ဘာလ
၁၆ ရက်နေ့ထုတ် မော်နီတာဂျာနယ်တွင် လူနှစ်ရာခန့်ရှိသော တက္ကစီငှားပွဲစား
လူမိုက်ဂိုဏ်းရှိကြောင်း ဖော်ပြထားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ''ဒီလိုလူနှစ်ရာလောက်ပါတဲ့ လူမိုက်ဂိုဏ်းဆိုတာ
စာစောင်တွေမှာ ဖော်ပြထားသလို မရှိပါဘူး ရှိခဲ့ရင်တောင်
သူတို့ကိုဖော်ထုတ်ပေးရင် ဆုချရမှာပေါ့ ဒါကအနက်ရောင်နယ်မြေမှမဟုတ်တာ
ဒီမှာလည်း ဌာနဆိုင်ရာရော၊ ရဲတပ်ဖွဲ့ရော၊ စည်ပင်ရဲရော၊ နယ်မြေရဲရော၊
တပ်ရင်းရဲရော၊ မ၀တရော၊ ယာဉ်ထိန်းရဲရော၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေရော
ရှိပါတယ်'' ဟု ထိုတာဝန်ခံက ပြောသည်။
ထိုပွဲစားများကို ဥပဒေအရအရေးနေပြီး ၎င်းတို့ကလည်း
ဆက်လက်ကျူးလွန်လျက်ရှိကြောင်း၊ ခရီးသည်များမှ မဆက်ဆံဖို့လည်း
ကြေညာချက်ထုတ်ပြန်ထားကြောင်း၊ ထိရောက်စွာ အရေးယူဖို့
ခရီးသွားများကိုယ်တိုင် ကျူးလွန်ခံရပါက လာရောက်တိုင်ကြားနိုင်ပြီး
တရားစွဲဆိုနိုင်ကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့သည်။
ဂိတ်ခန်းလူခေါ်ပွဲစားနှင့်ပက်သက်၍လည်း ''ဒီမှာတော့
ဟိုလူမိုက်ဂိုဏ်းပုံစံကြီးလို မရှိပေမယ့် အုပ်စုလိုက်လိုမျိုးကတော့
တွေ့ရတယ် ပြီးခဲ့တဲ့နှစ်ပိုင်းကဆိုရင် ရဲစခန်းအထိသောင်းကျန်းတာတောင်
ရှိတယ်'' ဟု အဝေးပြေးဝင်းအတွင်း နေထိုင်သူတစ်ဦးက ပြောပါသည်။
အဝေးပြေးအတွင်း၌ စတိုးဆိုင်ဖွင့်ရောင်းချနေသူတစ်ဦးကလည်း
''တစ်ချို့ကျတော့လည်း ရိုးရိုးသားသားခရီးသည်ကို အကူအညီပေးရုံပါပဲ ဒါပေမယ့်
ကြမ်းကြမ်းတမ်းတမ်းပြောဆိုကြတာမျိုး အရက်မူးပြီး
ရိုင်းရိုင်းစိုင်းစိုင်းခေါ်ကြတဲ့သူတွေလည်း ရှိတယ်'' ဟု ပြောသည်။
တက္ကစီလူခေါ်ပွဲစားများနှင့် ဂိတ်ခန်း လူခေါ်ပွဲစားများသည်
ဘော်ဒါကြေးအဖြစ် ခရီးသည်တစ်ဦးလျှင် ၁၅၀၀ မှ ၂၀၀၀ ခန့်အထိရတတ်ကြောင်း
သိရှိရသည်။
မိုးတွင်းကာလမျိုး အသွားအလားနည်းပါးသော ကာလမျိုးတွင် ရန်ကုန်မန္တလေး
ကားဂိတ်အချို့သည် ငါးထောင်ခန့်အထိ တိုးမြှင့်ပေးတတ်ကြောင်း စခန်းတာဝန်ခံက
ပြောသည်။
ထို့ပြင် ''ဒီလိုပွဲစားတွေ ပပျောက်သွားအောင် အကောင်းဆုံးကတော့
စဉ်းစားရမှာပေါ့ အကောင်းဆုံးနည်းလမ်းကတော့ မြို့တော်ဝန်လည်း
လမ်းညွှန်ထားတယ်။ လေဆိပ်လိုပေါ့ Arrival (ဆိုက်ရောက်ရပ်နားကွင်း) နဲ့
Departure (ထွက်ခွာခွင့်ကွင်း) နေရာသတ်သတ်မှတ်မှတ် လုပ်ထားရင် Departure
မှာ ကားတွေစုထွက်တဲ့ ဒီနေရာကိုပဲ လူတွေသွားပြီးနောက် ရောက်ရှိတဲ့ Arrival
ဆိုရင် ကားတွေအားလုံး ဒီမှာပဲလူချပေါ့ အဲ့ဒါဆိုရင် ပွဲစားတွေမလိုဘူး'' ဟု
စခန်းတာဝန်ခံအရာရှိက ထပ်မံပြောကြားခဲ့သည်။
''ဒီအလုပ်က ငွေရလွယ်ပေမဲ့ အဖမ်းခံရတာလည်း အကြိမ်ကြိမ်ပဲ ပေးရတာလည်း ခဏခဏပဲ'' ဟု အဆိုပါကားဝင်းရှိ လူခေါ်ပွဲစားတစ်ဦးက ပြောသည်။
အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းသည် ၁၉၉၇ ခန့်က မြေကြီးကွင်းအနေဖြင့်
ကုန်စိမ်းဈေးအနေဖြင့် ဖွင့်လှစ်ခဲ့ပြီး ခရီးဝေးလွန်းသောကြောင့်
ဈေးသည်များ လာရောက်ရောင်းချခြင်းမရှိ၍ စက်မှုလုပ်ငန်းအသေးစား
လုပ်ကိုင်သူများ ပြောင်းရွှေ့လာခဲ့သည်။ ၂၀၀၂ ခန့်မှစ၍ စော်ဘွားကြီး
ကုန်ယာဉ်ရပ်နားစခန်းမှ ကားဂိတ်ယာဉ်လိုင်းများ ပြောင်းရွှေ့လာခဲ့ပြီး
နားနေဆောင်ကြီးများတွင် ယာယီစုစည်းဖွင့်လှစ်ခဲ့သည်။ ထိုစဉ်က
ရုတ်တရက်ပြောင်းရွှေ့မှုကြောင့် လုံလောက်သော အဆောက်အအုံများ
အချိန်မှီပြီးစီးခြင်း မရှိခဲ့ကြောင်း သိရသည်။ ဇေကမ္ဘာကုမ္ပဏီ၏ အိမ်ယာနှင့်
ကပ်လျက်ရှိပြီး နောက်ကျောတွင် ရေးဝေးသုဿန်အပါအ၀င် ဘာသာမျိုးစုံမှ
သုဿန်ကြီးများရှိသည်။
11 မှ |
No comments:
Post a Comment