လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, April 12, 2013

ကျနော်တို့တိုင်းပြည် အနာဂတ်ကို ဒီလိုလူမျိုးတွေနဲ့ တည်ဆောက်ကြမယ်

Photo: ကျနော်တို့တိုင်းပြည် အနာဂတ်ကို ဒီလိုလူမျိုးတွေနဲ့ တည်ဆောက်ကြမယ်
_________________________________________________

အဲဒီစာတမ်းလေးတွေကို တွေ့နေတာကြာပြီ။
လမ်းပေါ်မှာသွားရင်းလာရင်း Taxi တစ်ချို့ရဲ့ နောက်မှာ
စာတန်းလေးကို တွေ့မိတယ်။ 'သံဃာတော် အခမဲ့' တဲ့။
တယ်ဟုတ်ပါလားလို့ တွေးရင်း စပ်စုချင်စိတ် ပေါက်လာတယ်။
ဒီနေ့တော့ ကျန်းမာရေးကြောင့်ပုံမှန်သွားနေရတဲ့ ပုဂ္ဂလိကဆေးရုံသွားပြရင်း
အဲဒီလို Taxi တစ်စီးနဲ့ တွေ့ပါလေရော ...။

ကျနော်က ဆေးရုံကအထွက် အဲဒီ Taxi က အ၀င်။
ကိုယ်ဝန်ဆောင်နဲ့တူတယ်၊ မိန်းမတစ်ယောက် ကားပေါ်က ဆင်းလာတယ်။
လက်ထဲမှာ ကလေးလေးတစ်ယောက်ဆွဲလို့။
လွယ်ထားတဲ ကိုယ်ဝန်ကို လာပြတာလား။ 
လက်ဆွဲလာတဲ့ကလေးကို လာပြတာလား။
ပုဂ္ဂလိက ဆေးရုံပေမယ့် ဒီနေရာက 
သိပ်ဈေးမကြီးလှတော့ တော်တော်လာကြတယ်လေ။ 
တစ်ခါတစ်လေကျတော့လည်း ပြည်သူ့ဆေးရုံတွေမှာ စောင့်ပြဖို့က 
အဆင်မပြေလှတာတွေ ရှိတယ်မဟုတ်လား။

ကားပေါ်က ဆင်းလာတဲ့ မိန်းမကြည့်ရတာနွမ်းနွမ်းပါးပါး။
ကားဆရာကို စကားနည်းနည်းပြောနေတယ်။
ကျနော်မှန်းတာ မမှားဘူးဆို ကျေးဇူးစကား ပြောနေသလိုပဲ။
ခေါင်း တညွှတ်ညွှတ်နဲ့။ ကားခပေးတာ မမြင်ရ။
ကားပြန်မောင်းထွက်တော့မလို ပြင်စဉ်မှာ ကျနော် အနားရောက်သွားတယ်။
ဟိုမိန်းမက ဆေးရုံထဲ ၀င်သွားပြီ။

'နောင်ကြီးက သံဃာတော်တွေကို အခမဲ့ပို့ပေးတာလား'
ခပ်တည်တည်လာမေးတော့ သူနည်းနည်းအံ့သြသွားတယ်။
ဒါပေမဲ့ ခြေခြေငံငံ ပြန်ပြောပါတယ်။
'ဟုတ်ပါတယ်၊ သံဃာ့ကိစ္စတွေ ဆိုရင်ပေါ့'
'တော်တော်ပို့ပြီးပြီလား၊ ဒီလို အခမဲ့ပို့တာကို ...'
'အင်း မဆိုးပါဘူး၊ ခရီးသွားဟန်လွဲ စီးပွားရှာရင်း ကုသိုလ်ယူတာပေါ့ဗျာ'
'သာဓု ခေါ်ပါတယ်ဗျာ၊ တကယ်ပါ'
'ဒါပေမဲ့ ဒီလို ရေးထားပေမယ့် တော်တော်များများက အတင်း ကျသင့်ငွေ ပေးသွားကြတယ်ဗျ၊ မလွှဲသာမှသာ'
'သံဃာတွေကိုပဲ အခမဲ့ပို့တာလား'
'သက်ကြီးရွယ်အိုတွေ၊ နွမ်းပါးသူတွေရောပေါ့ဗျာ၊ အားလုံးတော့လည်း မဟုတ်ဘူးပေါ့၊ ကိုယ်လည်း စီးပွားရှာရသေးတာကိုး'
'ဟုတ်တာပေါ့၊ တစ်ရက် တစ်ရက်ကို အဲဒီလို စေတနာ့ဝန်ထမ်း ဘယ်နှစ်ယောက်လောက် ပို့ဖြစ်သလဲ'
'အင်း ခရီး တစ်ကြောင်း နှစ်ကြောင်းလောက်ပါပဲ၊ ခရီးသွားဟန်လွဲပါဗျာ'

တစ်ရက်ကို ခရီးတစ်ကြောင်း သူကုသိုလ်ပြုဖြစ်တယ်ပဲ ထားပါတော့။
တစ်လ အခု ၃၀၊ အသက်မွေးဝမ်းကျောင်းအတွက် စီးပွားရှာရင်းသားက ကုသိုလ်တွေပွားနေတာပါလား။ စကားတွေ အများကြီး ဆက်မေးဖြစ်တယ်။
ပြီးတော့ ကင်မရာထုတ် ဓာတ်ပုံရိုက်ခွင့်တောင်းတော့ သူကြောင်သွားတယ်။
'ကျနော် အဲဒီအကြောင်းလေး လူသိအောင် ဖြန့်ချင်လို့ပါဗျာ'
ဆိုမှ ခွင့်ပေးပါတယ်။ 
'နောင်ကြီးလည်း ကားနားကပ်ပေးပါ၊ ဓာတ်ပုံထဲ ပါသွားအောင်ပါ'
ဆိုတော့ 'မလုပ်ပါနဲ့' တဲ့။ ဘယ်လိုပြောပြောမရ။ 
'ကိုယ်က တကယ့်စေတနာနဲ့လုပ်တာ လူသိဖို့ မလိုပါဘူးခင်ဗျာ' တဲ့။
ကားနံပါတ်တောင် မထည့်ပါနဲ့ဆိုလို့ ကားနံပါတ်ပေါ်နေတဲ့ပုံတွေကို ဖယ်ထုတ်ဖြစ်ခဲ့။ ခုနဆင်းလာတဲ့ သားအမိကိုလည်း သူ ကုသိုလ်ပြုပို့ခဲ့တာမှန်း မမေးပဲ သိသာနေပါပြီ။

ဒါဟာ သာဓုခေါ်တဲ့ Post လေးပါဗျာ။
ကျနော်ခေါ်လာခဲ့တဲ့သာဓုကို မိတ်ဆွေများကိုလည်း ဝေငှပါတယ်။
အဲဒီလိုလူစားမျိုးတွေ များသထက်များလာရင် ကျနော်တို့အနာဂတ်ဟာ အတိုင်းမသိ လှနေတော့မှာ ... ။

သွန်းနေစိုး Thorn Nay Soe

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..