မြောက်ကိုရီးယားနိုင်ငံတွင် လူသား မဆန်သော ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ကို
တွေ့ရှိရသည်ဟု အစီရင်ခံထားသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာကို
တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့က ပြင်းထန်စွာ
ဝေဖန်ရှုတ်ချပြီး ပကတိ အမှန်တရားနှင့် ကွဲလွဲနေသည်ဟု ထုတ်ဖော်
ပြောဆိုလိုက်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။ မတ်လ ၁၇ ရက်
ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲ၌
မြောက်ကိုရီးယားနိုင်ငံအား ပြင်းထန်စွာ ဝေဖန်ထားသည့် လူ့အခွင့်အရေး
အစီရင်ခံစာနှင့် ပတ်သက်၍ တရုတ်နိုင်ငံမှ ကိုယ်စားလှယ်က “ပကတိ
အမှန်တရားနှင့် လွဲချော်နေသည်” ဟု ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ကုလသမဂ္ဂဆိုင်ရာ အဆိုပါတရုတ် သံတမန်၏ ဝေဖန်ပြောဆိုသည့် အသုံးအနှုန်းများကို ကြည့်မည်ဆိုပါက မြောက်ကိုရီးယားနိုင်ငံအား နိုင်ငံတကာ ရာဇဝတ်ခုံရုံးသို့ တင်ပို့ အရေးယူရန် စီစဉ်မည့်ကိစ္စကို တရုတ်နိုင်ငံ အနေနှင့် ဗီတိုအာဏာသုံးကာ ကန့်ကွက် လာမည့် အနေအထားတွင် ရှိသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် မြောက်ကိုရီးယား နိုင်ငံတွင်း စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်လျက် ရှိသည်ကို အထောက်အထား အခိုင်အမာဖြင့် စုံစမ်း တွေ့ရှိရကြောင်း စာမျက်နှာ ၄၀၀ ပါရှိသည့် အစီရင်ခံစာ တစ်ရပ်ကို ပုံနှိပ်ထုတ်ဝေကာ ဖြစ်နိုင်ပါက နိုင်ငံတကာ အသိုင်းအဝိုင်း အနေနှင့် မြောက်ကိုရီးယားကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး၌ စွဲချက်တင် အရေးယူနိုင်ရေးအတွက် လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့သည်။
လူ့အခွင့်အရေး ကော်မရှင်သည် အဆိုပါ အစီရင်ခံစာကို ရေးသားရာတွင် မြောက်ကိုရီးယားနိုင်ငံတွင်း ညှဉ်းပန်းနှိပ်စက် ခံခဲ့ရပြီး ထွက်ပြေး လွတ်မြောက် သွားသူများ၊ ယင်းနိုင်ငံတွင်းရှိ ခိုင်လုံသော သတင်းရင်းမြစ်များ၏ ပြောကြားချက်ကို အခြေခံ ရေးသားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသော်လည်း မြောက်ကိုရီးယား အထူးသံတမန်က ယင်းအစီရင်ခံစာသည် လိမ်လည်မှုများနှင့် ရန်ပြုလိုသော အင်အားစုများ၏ အကွက်ချ ကြံစည်ထားခြင်းသာ ဖြစ်သည်ဟု စွပ်စွဲပြောကြားသည်။
သို့သော် လူ့အခွင့်အရေး ကော်မရှင် စုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌ မိုက်ကယ်ကီဘီက ယင်းအစီရင်ခံစာသည် မျက်မြင်သက်သေ ၃၂၀ ကျော်၏ ပြောဆိုမှုများ၊ သီးသန့် အင်တာဗျူးများ၊ ကြားနာမှုများဖြင့် တစ်နှစ်နီးပါး ပြုလုပ်ခဲ့သည့် စုံစမ်းဖော်ထုတ်မှု တစ်ရပ်ပင် ဖြစ်ကြောင်း ပြောကြားသည်။
ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး ဆိုစီပြောင်းက အမေရိကန် ပြည်ထောင်စုနှင့် ရန်ရှာလိုသော အင်အားစုများသည် ဂုဏ်သိက္ခာ ရှိလှသည့် မြောက်ကိုရီးယားနိုင်ငံ၏ ပုံရိပ်ကို ဖျက်လိုဖျက်ဆီး ပြုလုပ်ရန် အလို့ငှာ ယင်းအစီရင်ခံစာကို အကွက်ချ စီစဉ်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲပြောကြားသည်။
The Voice Weekly

No comments:
Post a Comment