ယခုနှစ်တွင် အိမ်နီးချင်းနိုင်ငံများမှ တရုတ်ပြည်သို့ သခွားတင်ပို့မှု နည်းပါး၍ မြန်မာနိုင်ငံထွက်
သခွားသီးများကို ဈေးမြှင့် ၀ယ်ယူလျက် ရှိသော်လည်း ၁၀၅ မိုင်
ကုန်သွယ်ရေးဇုန်မှ သခွားတင်ပို့သည့် ကားများအပေါ် အခွန်ဌာနမှ
သတ်မှတ်ထားခြင်းမရှိaသာ ဂျူတီခ၊ ကွင်းခ၊ အလုပ်သမားခ စသည့် အခကြေးငွေများ
ကောက်ခံလျက်ရှိပြီး အပိုပေးဆောင်ရသော ငွေကြေးများကို တောင်သူများမှ
ကျခံပေးဆောင်နေရကြောင်း သခွားစိုက်တောင်သူများထံမှ သိရသည်။
“ဗီယက်နမ်နဲ့ ဖိလစ်ပိုင်က ရာသီဥတုအခြေအနေ၊ နိုင်ငံရေးအခြေအနေကြောင့် တရုတ်ကို သခွား မတင်ပို့နိုင်ကြဘူး။ အဲ့ဒီအချိန်မှာ တရုတ်က မြန်မာ့သခွားသီးကို ဈေးမြှင့်ပြီး ၀ယ်တယ်။ တရုတ်နှစ်သစ်ကူး မတိုင်မီက ဈေးကွက်ကောင်းတဲ့အတွက် အင်တိုက်အားတိုက် ပို့ကြတယ်။ မူဆယ်မှာရှိတဲ့ ပွဲရုံတွေကလည်း အသီးအမျိုးအစားအလိုက် တစ်ကီလို ကို ၆ ယွမ်နဲ့ ၁၀ ယွမ် ကြား မလျော့စေရဘူး။ နောက်ထပ်တိုးစိုက်ဖို့ ပြောတယ်။ တကယ်တိုးစိုက်ပြီး သွားပို့တဲ့အခါကြတော့ သူတို့ပြောတဲ့ဈေးထက် တစ်ဝက်လောက်ပဲ ရတယ်”ဟု မြစ်သားမြို့နယ်မှ သခွားတောင်သူ ကိုခိုင်က ပြောကြားသည်။
“သီးနှံတင်ပို့မှုကို အခမဲ့ တင်ပို့ခွင့်ပြုထားတာလည်း ကြာပြီ။ အကောက်ခွန်ဌာနက ကောက်ခံခြင်း မရှိဘူးလို့ စာထုတ်ထားပေမယ့်လည်း ကုန်သွယ်ရေးဇုန်ရောက်ရင် အပိုငွေကြေးတွေ ပေးဆောင်နေရတုန်းပဲ။ ခြောက်ဘီးကားတစ်စီးကို ကျပ် ၅၀၀၀၀ နဲ့ ကျပ် ၇၀၀၀၀ ကြား ကောက်တယ်။ ၁၂ ဘီးကား တစ်စီးကို ခုနစ်သောင်းကနေ ၁၂၀၀၀၀ သောင်းလောက် ကောက်တယ်”ဟု ကိုခိုင်က ဆက်လက် ပြောကြားသည်။
သခွားတောင်သူများအနေဖြင့် တရုတ် ဈေးကွက်တစ်ခုတည်းကိုသာ အဓိကထား တင်ပို့နေရပြီး သတ်မှတ် ကြမ်းခင်းဈေး မရှိမှု၊ ဘာသာစကား အခက်အခဲ၊ ကုန်သွယ်ရေးဇုန်ရှိ ပွဲရုံများမှ ခေါင်းပုံဖြတ်မှုများကြောင့် အခက်အခဲဖြစ်ပေါ်လျက်ရှိပြီး နစ်နာမှုများ ကြုံတွေ့နေရကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး မြစ်သားဒေသထွက် သခွားသီးများအား တရုတ်ပြည်သို့ တင်ပို့ရန် ပြင်ဆင်နေမှုအား တွေ့ရစဉ်
Eleven Media Group

No comments:
Post a Comment