ရိုက်ကူးခြင်း မပြုရသေးသည့် ရုပ်သံဇာတ်လမ်းတွဲ၏ ဇာတ်ညွှန်းမိတ္တူ
ပျောက်ဆုံးမှုဖြင့် တရားစွဲခံထားရသော အမျိုးသမီးကို ဆေးရုံခုတင်ပေါ်တွင်
လက်ထိတ်တန်းလန်းနှင့်
သံကြိုးချည်ထားသည့်ပုံ ဖေ့စ်ဘွတ်ခ်ပေါ်သို့ တင်လိုက်သည့် အဆိုတော် Cobra
ကို Laser World ကုမ္ပဏီက တရားစွဲ မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။အဆိုပါ အမျိုးသမီးသည် Laser World ကုမ္ပဏီရုပ်သံ ဇာတ်လမ်းတွဲတွင်
ပါဝင်သရုပ်ဆောင်မည့်သူဖြစ်သည်။ အဆိုတော် Cobra သည် မတ်လ၂၄ ရက်တွင်
လက်ထိတ်တန်းလန်းနှင့် သံကြိုးချည်နှောင်ခံထားရကာ ဆေးရုံ ခုတင်ပေါ်၌
လဲလျောင်းနေသည့် သရုပ်ဆောင် အမျိုးသမီးပုံကို တင်ကာ Laser World
ကုမ္ပဏီပိုင်ရှင်နှင့် ရဲဝန်ထမ်းများ တရားမျှတမှု မရှိကြောင်း
ရေးသားထားသည်။
‘‘ဆေးရုံရောက်တော့လည်း သူတို့လုပ်ပုံက လက်ထိတ်ခတ်ရုံမကပါဘူး။ သံကြိုးနဲ့ပါ ထပ်ချည်ထားပါသေးတယ်။ မိန်းကလေးတစ်ယောက်ကို ထိန်းတာကို ရဲလေးယောက်နဲ့ ထိန်းထားပါတယ်။ အပေါ့အပါးသွားချင်ရင် တောင်ရှက်လို့ သူ့ခမျာမပြောရဲရှာဘူး။ လူသတ်မှုလည်းမဟုတ်ပါဘူး။ ဒါကို ဒီလောက် အငြိုးကြီးကြီး လုပ်ပုံထောက်တော့ သူ့သူဌေးမှာ ဘာအကြံအစည် ရှိနေလဲ မသိပါဘူးဗျာ’’ဟု အဆိုတော် Cobra က ၎င်း၏ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ဓာတ်ပုံနှင့်တကွဖော် ပြထားသည်။
‘‘သိမ်မွေ့စွာ ငြိတွယ်ခြင်း’’ အမည်ဖြင့် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးရန်ရှိပြီး ဇာတ်လမ်းမှာ Laser World ကုမ္ပဏီပိုင် ဇာတ်လမ်းဖြစ်ကာ ယင်းဇာတ်လမ်း တွဲတွင် သရုပ်ဆောင်ရန် အလုပ်ခန့်ထားခြင်းခံရသည့် မဆုဆုအောင် မှာ အလုပ်ထွက်သွားပြီး ဇာတ်ညွှန်းမိတ္တူ ပြန်မပေးသောကြောင့် ခိုးမှုဖြင့် တရားစွဲ ခဲ့ခြင်းဖြစ်သည်။
Cobra ၏ ရေးသားချက်များသည် မှားယွင်းစွာရေးသားမှုများ ဖြစ်သဖြင့် ပြင်ဆင်ပေးရန် ကုမ္ပဏီက တောင်းဆိုခဲ့သည်။ ‘‘ဒါက သတင်းအမှားမှ မဟုတ်တာ။ သူနဲ့ ကျွန်တော်နဲ့ မနေ့က နှစ်နာရီလောက် စကားပြောတယ်။ ကျွန်တော့်ကို တောင်းဆိုတယ်။ ပြန်ရေးပေးပါလို့။ ကျွန်တော့်ဘက်က ဘာပြန် ရေးပေးရမှာလဲ။ ဒါအမှန်တွေပဲ။ တရားဥပဒေအရဆိုလည်း ရင်ဆိုင်ရုံပဲပေါ့’’ဟု အဆိုတော်Cobraက ပြောသည်။
အဆိုပါ သရုပ်ဆောင် အမျိုးသမီးသည် ၂၀၁၃ ခုနှစ် မတ်လတွင် အလုပ်စ ၀င်ပြီး သရုပ်ဆောင်ရန် ဇာတ်ညွှန်းဖတ်၍ လေ့ကျင့်နေစဉ် ၀န်ထမ်းလုပ်သက် ခြောက်လအကြာ၌ စာချုပ်မပြည့်ဘဲ အလုပ်ထွက်ခဲ့သည်။ ထို့ကြောင့် နှစ်လစာ လျော်ကြေးပေးခဲ့ကာ ၂၀၁၃ ခုနှစ် သြဂုတ် ၈ ရက်တွင် ချစ်သူ နောက်သို့ ခိုးရာလိုက်ခဲ့ကြောင်း မဆုဆုအောင် ၏ ခင်ပွန်း ကိုဖြိုးအောင်ဝင်း က ရှင်းပြသည်။
ထို့နောက် အလုပ်ထွက်ပြီး ငါးလအကြာ ဒီဇင်ဘာတွင် ဇာတ်ကားရိုက်ရန် စီစဉ်သောအခါ ဇာတ်ညွှန်းမူရင်းနှင့် မိတ္တူတစ်စုံသာရှိပြီး မိတ္တူတစ်စုံ ပျောက် နေ၍ မဆုဆုအောင်ထံ ပြန်တောင်းသောအခါ ဟန်းနီးမွန်းထွက်နေသော ကြောင့် အိမ်မှလူများက ပြန်လာမှပေးမည်ဟုဆိုသည်။ ထို့နောက် ပြန်ပေးရန် ရှာမတွေ့တော့ဘဲ ဇာတ်ညွှန်းစာအုပ် ခြစားသွားသည်ဆိုသောကြောင့် ကုမ္ပဏီ၏ စီမံရေးရာ မန်နေဂျာက တရားလို ပြုကာ မဆုဆုအောင် အား ခိုးမှုဖြင့် တရားစွဲဆိုလိုက်ကြောင်း Laser World ကုမ္ပဏီပိုင်ရှင် ဦးအောင်ကြူဟိန်း (ရုပ်ရှင်ဒါရိုက်တာ အောင်ကျော်သူရ) က ပြောသည်။
‘‘လေဆာဝေါ ကုမ္ပဏီရဲ့ တိုင်ကြားချက်အရ ခိုးမှုနဲ့အမှုဖွင့်ထားပါတယ်။ တရားရုံးအထိ တင်ထားတာပါ။ တရားသူကြီးရဲ့ ချုပ်မိန့်နဲ့ချုပ်ထားတာပါ။ ကောင်မလေးက အချုပ်ခန်းထဲရောက်တော့ အော့အန်တာ၊ သွေးပေါင်ကျတာ ၊အစားမစားတာတွေဖြစ်လို့ ဆရာဝန်ရဲ့ ဆေးစာနဲ့ဆေးရုံတင်ပေးတာ။ အချုပ်တရားခံမို့ ရဲဝန်ထမ်းနဲ့ လုံခြုံရေးချထားပြီး လက်ထိတ်ခတ်ထားတယ်။ ထွက်မပြေးအောင်လို့ လှုပ်ရှားလို့မရအောင် လက်ထိတ်နဲ့ သံကြိုးတွဲချည်ထား တာ။ တရားခံထွက်ပြေးမှာစိုးလို့’’ ဟု ကျောက်တံတားမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူးက ပြောသည်။
မတ်လ ၁၅ ရက်တွင် ကျောက်တံတားမြို့မ ရဲစခန်း၌ အချုပ်ကျနေပြီး မတ်လ ၂၁ ရက်တွင် ရန်ကုန်ဆေးရုံကြီး ဆေးကုသဆောင်၌ တက်ရောက်ကုသခဲ့ကာ မတ်လ ၂၆ ရက် နံနက်တွင် ဆေးရုံမှဆင်းရပြီး ရဲအချုပ်ခန်းသို့ ပြန်ရောက် နေကြောင်း သိရသည်။
‘‘ခရိုင်ရဲတပ်ဖွဲ့မှူးက ဒီပုဒ်မ တပ်ထားတာ။ ခိုးမှုလို့ တပ်ထားတယ်။ ဦးတို့ ရုံးကို မထီမဲ့မြင်လုပ်တာ။ ဒီကိစ္စကို ဒီလိုမဆုံးဖြတ်ရင် ဘယ်လိုဆက်လုပ် မလဲ။ ဥပဒေ မစိုးမိုးရင် ဦးတို့တိုင်းပြည်မှာ ခိုးမှုတွေဖြစ်နေမှာ’’ဟု Laser World ကုမ္ပဏီပိုင်ရှင်က ပြောသည်။
ယင်းအမှုကို မတ်လ၂၈ ရက်တွင် ကျောက်တံတားမြို့နယ် တရားရုံး၌ ရမန်ပေးရန် ရုံးချိန်းရှိကြောင်း သိရသည်။ ယင်းဇာတ်ညွှန်းကိစ္စနှင့် ပတ်သက် ၍ အွန်လိုင်းတင်ခြင်း၊ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်တွင် တင်ခံရခြင်း၊ ဖုန်းဖြင့် ခြိမ်းခြောက်ခံရခြင်းနှင့် လူချင်းတွေ့ဆုံကာ အကျပ်ကိုင်ခံရခြင်း များရှိခဲ့သော် လည်း ၎င်းသည် တစ်ရာရာခိုင်နှုန်း ရိုးသားမှုရှိသောကြောင့် မမှန်မကန် အမှုဖွင့်ထားခြင်း မဟုတ်၍ ဥပဒေအတိုင်း ဆောင်ရွက်စေလိုကြောင်းLaser World ကုမ္ပဏီပိုင်ရှင် ဦးအောင်ကြူဟိန်း(ရုပ်ရှင်ဒါရိုက်တာအောင်ကျော်သူရ) ကပြောသည်။ ယင်းဇာတ်လမ်းတွဲ ကိစ္စမှာ အမှုဖြစ်နေသောကြောင့် ခဏရပ် ထားပြီး အမှုပြီးမှသာ ရိုက်ကူးရန်စီ စဉ်ထားသည်ဟုဆိုသည်။
7 Days News

No comments:
Post a Comment