လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, May 21, 2013

အမှန်တကယ် အကျိုးရှိသော မြွေအန္တရာယ် အာမခံ


၂ဝ၁၃ ခုနှစ် မေ ၈ ရက်ထုတ် မြဝတီနေ့စဉ် ရောင်စုံသတင်းစာတွင် ကျန်းမာရေး အာမခံ တစ်ခုဖြစ်သော မြွေအန္တရာယ် အာမခံကို လယ်ယာလုပ်ငန်းခွင်နှင့် အများဆုံး ထိတွေ့နေသော လယ်သမားကြီးများ မြွေကိုက်ခံရမှု အန္တရာယ်အတွက် အာမခံ လက်မှတ်ကို မြန်မာ့ အာမခံလုပ်ငန်းမှ ရောင်းချပေးလျက် ရှိပြီး လယ်သမားကြီးများ ဝယ်ယူမှု နည်းပါးနေကြောင်း အဆိုပါလုပ်ငန်း ဥက္ကဋ္ဌ ဦးအောင်မင်းသိန်းက ပြောကြား သည့်သတင်းကို ဖတ်ရှုလိုက်ရသည်။
သတင်းဖတ်အပြီး ဤဆောင်းပါးကို မြွေအန္တရာယ် အာမခံ ထားလိုသူ များ လေ့လာနိုင်ရန် ပြန်လည် အသိပေး ရေးသားလိုက်ပါသည်။ မြန်မာ့ အာမခံလုပ်ငန်းသည် နိုင်ငံတော်၏ ဘဏ္ဍာငွေ တိုးတက်ရရှိရေးနှင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် အာမခံလုပ်ငန်းသစ် များကို တီထွင်တိုးချဲ့လက်ခံ ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ အချို့မြို့နယ် ကျေးလက်ဒေသများတွင် မြွေအန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှုများ ရှိနေသည် ကိုတွေ့ရှိနေရသည်။ သို့ဖြစ်၍ မြွေအန္တရာယ် ကြုံတွေ့ရသော ပြည်သူများအတွက် တစ်ဖက်တစ်လမ်းမှ အကာအကွယ် အထောက်အပံ့ ရရှိစေရန် အလို့ငှာ မြွေအန္တရာယ် အာမခံလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေပေသည်။ မြန်မာနိုင်ငံ အတွင်းရှိ ကျေးလက်ဒေသများ တွင်သာမက အချို့မြို့ပေါ် ရပ်ကွက်များတွင် နေရာမရွေး၊ အချိန် မရွေး မြွေ အန္တရာယ် ကြုံတွေ့နိုင်ပါသည်။ မြွေအန္တရာယ် အာမခံလုပ်ငန်းကို ၂ဝဝ၅ ခုနှစ် ဇူလိုင် ၁ ရက်မှစ၍ မကွေးတိုင်း ဒေသ ကြီးတွင် စီမံချက်တစ်ရပ် အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဧရာဝတီ တိုင်းဒေသကြီး ဖျာပုံခရိုင်တွင် ၂ဝဝ၆ ခုနှစ် ဇန်နဝါရီမှ စတင်၍ ဆောင်ရွက်ခဲ့ရာ အဆိုပါ တိုင်းဒေသကြီးများမှ ပြည်သူအများ အထူး စိတ်ဝင်စား၍ လုပ်ငန်း အောင်မြင်လျက် ရှိကြောင်း လေ့လာ သိရှိရသည်။ သို့ပါ၍ စာရေးသူ လေ့လာရသရွေ့ မြွေအန္တရာယ် အာမခံ ထားလိုသူများကို ပြန်လည် အသိပေး တင်ပြ လိုပါသည်။ မြွေအန္တရာယ် အာမခံလက်မှတ် တစ်စောင်လျှင် ပရီမီယံ ငွေကျပ်ငါးရာ ဖြစ်ပြီး အာမခံထားငွေမှာ ငွေကျပ် ငါးသိန်း ဖြစ်ပါသည်။ အာမခံ သက်တမ်းမှာ တစ်နှစ်ဖြစ်ပြီး သက်တမ်းအတွင်း မြွေကိုက်သဖြင့် သေဆုံးပါ က လျော်ကြေးငွေ ငွေကျပ်ငါးသိန်း၊ ဆေးရုံဆေးခန်းတွင် မြွေဆိပ်ဖြေရန် အတွက် တက်ရောက် ကုသရပါက ဆေးဝါး ကုသစရိတ် ငွေကျပ် ရှစ်သောင်း၊ အသက် မသေသော်လည်း မျက်စိနှစ်ဖက်လုံး ကွယ်ခြင်း၊ ကိုယ်တစ်ပိုင်း သေခြင်း အမျိုးမျိုးအတွက် အများဆုံး အကျိုးခံစားခွင့် ငွေကျပ် နှစ်သိန်းငါးသောင်း၊ ယင်းတို့မှ တစ်ပါး အခြားကိုယ်အင်္ဂါ ထိခိုက်မှုများအတွက် နည်းဥပဒေပါ ရာခိုင်နှုန်းအတိုင်း အကျိုးခံစားခွင့် ရရှိမည် ဖြစ်သည်။ မြွေအန္တရာယ် အကာအကွယ် အာမခံလုပ်ငန်းသည် မြန်မာနိုင်ငံ၌ အမှန်တကယ် လိုအပ်နေသော အာမခံ အမျိုးအစား တစ်မျိုး ဖြစ်သည်။ ဤအာမခံလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း အားဖြင့် တောင်သူ လယ်သမား များ၊ စိုက်ပျိုးရေး ဝန်ထမ်းများ၊ ကျေးလက်နေ ပြည်သူများသာမက မြို့နေ လူတန်း စားများ၏ အကျိုးစီးပွားနှင့် ကျန်းမာရေးကို တစ်ဖက်တစ်လမ်းမှ အကာအကွယ် အထောက်အကူ ဖြစ်စေသည့်အပြင် နိုင်ငံတော်၏ ဘဏ္ဍာငွေကို လည်း တိုးတက်စေမည် ဖြစ်ပါသည်။ ပြည်သူအများ မြွေအန္တရာယ် ကြုံတွေ့ရပါက ဆေးမီးတိုများဖြင့် ကုသနေမည့်အစား ကျန်းမာရေး ဌာနများသို့ ယုံကြည် အားကိုးမှု ပြုလာစေရန်၊ ဆေးဝါး ကုန်ကျမည့်စရိတ် လုံလောက်စွာ ရရှိစေရန်၊ အသက်ဆုံးရှုံးမှု ရှိပါက လည်း ငွေရေးကြေးရေး အထောက်အကူ ရရှိစေရန်နှင့် တစ်ဖက်တစ်လမ်းမှ နိုင်ငံတော် ဘဏ္ဍာငွေ တိုးတက်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် မြွေအန္တရာယ် အာမခံလုပ်ငန်းကို အကောင်အထည်ဖော် ဆောင် ရွက်နေခြင်း ဖြစ်ကြောင်း လေ့လာ သိရှိရပါသည်။ မြွေအန္တရာယ် အာမခံထားလိုသူများ အနေဖြင့် ဦးဆောင်ညွှန်ကြားရေးမှူး မြန်မာ့အာမခံ လုပ်ငန်းနှင့် မြို့နယ် များရှိ အာမခံ လုပ်ငန်းခွဲများ တို့ထံ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။ မြွေအန္တရာယ် အာမခံ ထားရှိရာတွင် အသက် အကန့်အသတ်မရှိပါ။ အရွယ်မရောက်သေးသူ အတွက် အရွယ် ရောက်သူ က ထားပေးနိုင်ပါသည်။ နယ်မြေကန့်သတ်ချက် မရှိပါ။ မြွေအန္တရာယ် အာမခံထားရှိသူသည် မြွေကိုက်ခံရသဖြင့် သေဆုံး လျှင်သော် လည်းကောင်း၊ ဆေးဝါးကုသမှု ခံယူရလျှင်လည်းကောင်း မြွေကိုက်ခံရသည့်နေ့မှ ခြောက်လအတွင်း အကျိုး ခံစားခွင့်ကို တောင်းခံရာတွင် ဆေးဝါးကုသမှု ခံယူသည့် ကျေးလက် ကျန်းမာရေး ဆေးပေးခန်း၊ တိုက်နယ်ဆေးရုံ၊ ကျန်းမာရေး ဦးစီးဌာနတို့ ထောက်ခံချက်နှင့် ကုန်ကျစရိတ် အတွက် အထောက်အထားများ၊ သေဆုံးလျှင် သေစာရင်း မိတ္တူ၊ နေထိုင်ရာဒေသ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့၏ ထောက်ခံချက်၊ ဆေးဝါး ကုသမှုစရိတ် ထုတ်ပေးသည့် အခါတွင် နောက်ထပ် တစ်နှစ်သက်တမ်း အကာအကွယ် အတွက် ငွေကျပ် ငါးရာနှုန်းကို နှုတ် ဖြတ်လျက် ထုတ်ပေးမည် ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို ဦးဆောင် ညွှန်ကြားရေးမှူး မြန်မာ့ အာမခံလုပ်ငန်းနှင့် မြို့နယ် အာမခံ လုပ်ငန်း ရုံးခွဲများတွင် ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း ပြည်သူများ၏ ကျန်းမာရေးနှင့် အကျိုးစီးပွားကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနေသော မြွေအန္တရာယ် အာမခံ အကြောင်းကို ရေးသား တင်ပြ အပ်ပါသည်။ ။

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..