မန်ချက်စတာ ယူနိုက်တက် အသင်းမှ ထွက်ခွာရန် တိုက်စစ်မှူး ဝိန်းရွန်နီ ခွင့်တောင်းခဲ့ကြောင်း အသင်းမန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က အတည်ပြု ပြောကြားခဲ့သည်။ ယမန်နေ့ညက အိုးလ်ထရက်ဖို့ဒ်တွင် ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလားကြီးကို မန်ယူအသင်း လက်ခံရယူရာ၌ ဆရာတပည့်နှစ်ဦး အတူတကွ အောင်ပွဲခံခဲ့ကြပြီးနောက် ဖာဂူဆန်က ရွန်နီ အနေဖြင့် ရာသီကုန်တွင် အသင်းမှ ထွက်ခွာရန် တောင်းဆိုထားကြောင်း ဖွင့်ဟဝန်ခံခဲ့ပြီး
မိမိတို့က လက်မခံဘဲ ပြန်လည် စဉ်းစားရန် တိုက်တွန်းထားကြောင်း ပြောဆိုသွားသည်။ ရွန်နီသည် ရာသီကုန်တွင် (၂၆)နှစ်ကျော်ကြာ မန်နေဂျာဘဝ ဖြတ်သန်းမှုကို အဆုံးသတ်တော့မည့် ဖာဂူဆန်အား နှုတ်ဆက်သော အိမ်ကွင်းနောက်ဆုံး ပွဲစဉ်အဖြစ် ဆွမ်ဆီးကို အနိုင်ရခဲ့ရာတွင် ပါဝင် ကစားခွင့် မရခဲ့ချေ။
အသက်(၂၇)နှစ်ရှိ ကစားသမား အနေဖြင့် ပွဲကြည့်စင်တွင်သာ ရှိနေခဲ့ပြီး ပွဲအပြီး ချန်ပီယံဆု ရယူချိန်မှ အသင်းနှင့်အတူ အောင်ပွဲခံခဲ့ခြင်းအပေါ် ဖာဂူဆန်က "ဒီပွဲမှာ ရွန်နီကို ထည့်မကစားတာက သူကိုယ်တိုင် ကစားချင်စိတ် သိပ်မရှိဘူး ထင်လို့ပါ။ သူက အသင်းကနေ ပြောင်းရွှေ့ခွင့် တောင်းထားတယ်လေ"ဟု Sky Sportsသို့ ပြောကြားခဲ့သည်။ စကော့သား မန်နေဂျာကြီးက "သူ့အနေနဲ့ ကိစ္စတိုင်းကို ကိုယ်တိုင်ပြန်ပြီး စိတ်ကူး စဉ်းစားဖို့ လိုတယ်လို့ ကျွန်တော် ထင်တယ်။ ဒါက သူ့အတွက် စိတ်ကူးကောင်း ဖြစ်မှာပါ။ ကျွန်တော်တို့ ဘက်ကတော့ သူ့ကို လက်မလွှတ်ချင်ပါဘူး"ဟု ပြောကြားသွားသည်။

၎င်းက "ပြီးခဲ့တဲ့ သီတင်းပတ် တချို့မှာ သူ့အတွက် ပွဲတိုင်း အချိန်ပြည့် မကစားရတာဟာ စိတ်ပျက်စရာ တချို့တော့ ဖြစ်ကောင်းဖြစ်နိုင်တယ်လေ"ဟုလည်း မှတ်ချက်ပြုခဲ့သည်။ ရွန်နီသည် ချန်ပီယံလိဂ်တွင် ရီးယဲလ်မက်ဒရစ် အသင်းနှင့် ရင်ဆိုင်ရာ၌ ပထမအသင်း လူစာရင်းမှ ချန်လှပ်ခံရပြီး ကတည်းက မန်ယူမှ ထွက်ခွာရန် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။
Source: SkySports
planet

No comments:
Post a Comment