၁၅ စက္ကန့်တိုင်းမှာ ကလေးငယ်တစ်ဦးစီဟာ
ရေကြောင့်ဖြစ်တဲ့ ရောဂါတစ်ခုခုကြောင့် သေဆုံးနေရပါတယ်...
နှစ်စဉ်နှစ်တိုင်း ၁.၈ သန်းသောလူတွေဟာ ဝမ်းပျက်ဝမ်းလျှောရောဂါ အပါအဝင်
ရေဓာတ်ဆုံးရှုံးရတဲ့ ရောဂါတွေကြောင့် သေဆုံးနေရပါတယ်...
ဒီနေ့ကမ္ဘာမှာ တစ်နေ့ကို လူပေါင်း ၄၉၀၀ သေဆုံးနေပါတယ်... ဒီအထဲက ၉၀ ရာခိုင်နှုန်းဟာ အသက်ငါးနှစ်အောက်ကလေးတွေဖြစ်ပြီး အများစုကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဖြစ်ကြပါတယ်... အသက်ငါးနှစ်အောက်ကလေးတွေအတွက် ရေနဲ့ဆက်စပ်တဲ့ရောဂါတွေကြောင့် သေဆုံးရမှုဟာ အများဆုံးပါပဲ...
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အဆိုအရ ကမ္ဘာအနှံ့မှာရှိတဲ့ လူ ၁.၁ ဘီလီယံဟာ သန့်ရှင်းတဲ့ရေကို မရရှိကြပါဘူး... ဒီပမာဏဟာ ကမ္ဘာပေါ်မှာ လူခုနစ်ယောက်ရှိရင် တစ်ယောက်နဲ့ညီပါတယ်... နောက်တစ်ချက်က ကမ္ဘာမှာရှိတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ရေရဲ့ ၁ ရာခိုင်နှုန်းအောက်ကိုသာ လူတွေအလွယ်တကူရရှိအသုံးပြုနိုင်ကြပါတယ်...
လွန်ခဲ့တဲ့ ရာစုနှစ်သုံးခုအတွင်း လူသားတွေရဲ့ ရေအသုံးပြုမှုဟာ ၃၅ ဆကျော် တိုးတက်လာပါတယ်.. ပျမ်းမျှအားဖြင့်ဆိုရင် အမေရိကန်တစ်ယောက်ရဲ့ အိမ်မှာ နေ့စဉ်ရေအသုံးပြုမှုဟာ ၈၀ ကနေ ၁၀၀ ဂါလံအထိရှိပါတယ်... အာဖရိကမိသားစုတစ်စုရဲ့ ပျမ်းမျှရေအသုံးပြုမှုဟာ ၅ ဂါလံမျှသာရှိတာနဲ့ နှိုင်းယှဉ်စဉ်းစားကြည့်နိုင်ပါတယ်...
အများဆုံးအသုံးပြုတဲ့ရေတွေဟာ အိမ်သာတွေမှာရေဆွဲချဖို့နဲ့ ရေချိုးဖို့အတွက်ဖြစ်ပါတယ်... ပန်းကန်တွေဆေးဖို့ စက်ပစ္စည်းတွေဆေးကြောဖို့နဲ့ ဘုံဘိုင်ခေါင်းတွေကနေ ထွက်လာပြီး အသုံးပြုနေတဲ့ ရေပမာဏဟာ ဘယ်လောက်ရှိသလဲဆိုတာနဲ့ ဘယ်လိုလွယ်လွယ်ကူကူအသုံးပြုနေရသလဲဆိုတာကို မကြာခဏ စဉ်းစားကြည့်သင့်ပါတယ်...
ကမ္ဘာရဲ့ တစ်ဘက်တစ်ချက်မှာတော့ သန်းပေါင်းများစွာသော အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ ညစ်ညမ်းတဲ့ မြစ်ချောင်းတွေ... ရေကန်တွေနဲ့ ရေတွင်းတွေကနေ ရေရရှိစုဆောင်းနိုင်ဖို့အတွက် နေ့စဉ်နာရီပေါင်းများစွာကြာအောင် ကြိုးစားလုပ်ကိုင်နေကြရပါတယ်... လူတွေဟာ ရေမရှိဘဲ အသက်ရှင်သန်နိုင် နေထိုင်နိုင်ခြင်းမရှိကြပါဘူး... လူအများအပြားဟာလည်း ရေကောင်းရေသန့်မရရှိနိုင်တဲ့အတွက် သေဆုံးနေကြရပါတယ်...

No comments:
Post a Comment